34 C
Yangon

တောင်တွင်းကြီးတွင် အလှူအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး ၊ မြင်းခြံတွင်လည်း စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အလှူအိမ်ကို စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၁၅ ဦး ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၉ နာရီခန့်အချိန် တောင်တွင်းကြီးမြို့နယ်၊ အောင်းပေါက်ရွာ အလှူအိမ်ကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသွားသော လူငယ်များကို ခမရ ၁၀၃ တပ်ရင်းအတွင်း ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

“တောင်တွင်းကြီးမြို့နယ် အောင်းပေါက်ရွာက အလှူအိမ်ကို စစ်ခွေးတွေက ည ၉ နာရီလောက်မှာ ဝင်ရောက်စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာ အဲတာအလှူအိမ်ကို လာတဲ့ လူငယ် ၁၅ ဦးကိုပါသွားတယ်။ သူတို့ကို အခု ခမရ ၁၀၃ တပ်ရင်းထဲမှာ ဖမ်းထားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကလည်း နတ်ညွန်းရွာမှ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ပြီး ရွာ ၃ ခုကို ဆက်တိုက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်တော်သာရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ တန်းဆောင်းရွာကို ထပ်မံ ဝင်ရောက် စီးနင်း၍ နေအိမ်များ ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်ကြောင်းသည် နတ်ညွန်းရွာကို ရောက်ရှိနေပြီး ပြည်သူများကိုလည်း ဖမ်းဆီးရိုက်နှက်တာ နေအိမ်များကို ဆက်လက် မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ပြည်တော်သာရွာ၊ တန်းဆောင်းရွာနှင့် နတ်ညွန်းရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲ၌ ဖမ်းဆီးခံရသူ ရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက အခု နတ်ညွန်းရွာကို ထပ်ပြီး မီးရှို့နေပါတယ်။ ပြည်သူတွေကို ရွာထဲမှာ ဖမ်းဆီးရိုက်နှက်နေတာ မသေရုံဘဲလို့ သိရတယ်။ နတ်ညွန်းရွာက အရင်တစ်ခေါက်ကလည်း မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာပဲ အခုလည်း နေအိမ်တွေကို ထပ်ရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလာစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article