ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်၊ ရွာငံမြို့ဝင် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွာငံမြို့ဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို စစ်တပ်က ရွာငံမြိုပေါ်ရှိ ဆေးရုံကို သယ်ဆောင်သွားကြောင်း သိရသည်။
“စစ်ခွေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာလို့ သိရတယ်။ စစ်ခွေး ၃ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ဆေးရုံကို လာသယ်သွားတယ်လို့သိရတယ် ဘယ်နှဦးကို သယ်သွားတာလဲတော့ မသိရသေးဘူး။ အဲဂိတ်က ကားတွေ သွားလာတဲ့ချိန် ငွေကြေးအလွန်ကောက်တဲ့ ဂိတ်ပါ”ဟု တော် လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာငံမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်လက် မေးမြန်းလျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံနှင့် ကြာဖူးအဝိုင်းဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ည ၇ နာရီခန့်တွင်လည်း ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ကြာဖူးအဝိုင်း စစ်ဆေးရေးဂိတ်ကို Drop Bomb ဖြင့် ၃ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများ အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ရေဦးမြို့ပေါ်က စစ်တပ် တပ်စွဲထားသော တိုင်းရင်းဆေးရုံက စစ်ခွေး အင်အား ပုံမှန်တော့မရှိဘူး။ ကြာဖူးအဝိုင်း စစ်ဆေးရေး ဂိတ်ကတော့ စစ်ခွေး အင်အား ၂၀ နဲ့ ၃၀ ကြားရှိပါတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ပဲပြောရပါမယ်။ ခွေးသေစာရင်းတော့ မသိရသေးဘူး” ဟု YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရေဦးမြို့နှင့် ပြည်သူ့ကာကွယ်ရေး Drone အဖွဲ့ (ရွှေဘိုခရိုင်)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။





