ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး ကားများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကားဝပ်ရှော့ ၁ ခုကို ထိမှန်ကာ ပြည်သူများ ထိခိုက်မှုရှိပြီး ကားများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာကို စစ်မဖြစ်ဘဲ ကျဲသွားတာ အဲဘက်မှာက တပ်တွေ လှုပ်ရှားတာမရှိပါဘူး။ ဘာထိတွေ့ တိုက်ပွဲမှလည်း မဖြစ်ဘူး။ ကားဝပ်ရှော့ တစ်ခုကို ဗုံးထိမှန်ပြီး ကားတွေ မီးလောင်ပျက်စီးသွားတယ်လို့သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျတော့ မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့ မိုးကာရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့သည့် ကလေးငယ် ၂ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြေမြုပ် သဂြိုလ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ အကြမ်းဖက် စစ်သားများက မိုးကာရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျာအောင် နှင့် အသက် ၇ နှစ်အရွယ် မောင်ဇော်ဆိုင်းဖရိန် တို့ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ဗျူဟာကုန်းက ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်အစပ်ရှိ အထက်တန်းကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် KG ကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၄ တန်းကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။







