26 C
Yangon

ဖားကန့်မြို့ တိုက်ပွဲအတွင်း စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိ၊ ရေဖြူနှင့် လောင်းလုံးမြို့နယ် တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေ‌ဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တိုက်ပွဲတွင်လည်း စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိထားကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့အနီး ဖြစ်ပွားနေသော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို KIA ပူးပေါင်း တပ်များက အရှင်ဖမ်းမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သားသစ် များသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းက ဖားကန့်မြို့ အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်းမှာ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို KIA ပူးပေါင်းတပ်က ထပ်မိတယ်။ လက်နက်ခဲယမ်းတွေတော့ မပါလာဘူး” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာနှင့် ညှင်းထွေးကျေးရွာ အကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းဘေးရှိ သန်းကုန်းဝိပဿနာရိပ်သာ၌ ယာယီတပ်စွဲထားသော အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ၁ ရက်တာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ ထပ်တိုးတာမရှိပါဘူး။ ကျနော်တို့ လက်နက်ခဲယမ်းတွေ မသိမ်းနိုင်ခဲ့ဘူး။ စစ်ခွေးတွေက အလောင်းတွေကော လက်နက်တွေကော အကုန်ပြန်သယ်သွားတယ်” ဟု က္လားသစ္ဏတ်တပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ONLA) ၏ ဒူရက စစ်ကြောင်း၊ KNLA B-12ခွဲ(၅)၊ က္လားသစ္ဆတ်တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့ (LGF)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (OGRF)၊ ဒေါနတပ်ခွဲ(၇) နှင့် အရှေ့တောစင်္ကြာစစ် ကြောင်းတို့င ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ညင်းမော်ရွာအတွင်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လောင်းလုံးမြို့မှ ညင်းမော်ရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ချိန်တွင်လည်း ဒရုန်းဖြင့် Drop Bomb ၇ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)၊ နွေဦးပြောက် ကျားတပ်ဖွဲ့ ၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် Guerrilla Dawei အဖွဲ့တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article