31 C
Yangon

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က မရှီကထောင် ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က မရှီကထောင် ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် မရှီကထောင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်သူမရှိကြောင်း သိရသည်။

“တိုက်ပွဲကတော့ မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေပါတယ်။ စစ်ခွေးတွေက ညနေပိုင်းမှာ မရှီကထောင် ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်ရှိ ဆုတောင်းကုန်းတွင် ရောက်ရှိ နေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများ အတွင်း ခမရ ၃၈၁ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင်နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ၃၈၁ တပ်ရင်း မှ စစ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသောကြောင့် ဆုကြေး ငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ၃၈၁ တပ်ရင်း မှ စစ်သား ၅ ဦး KIA/KPDF ပူးပေါင်း တပ်ဖွဲ့ထံ ထပ်မံ အလင်းဝင်ရောက်လာကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်မြို့ အနီး ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးကို KIA ပူးပေါင်း တပ်က ပစ်ခတ်ချ နိုင်ခဲ့ကာ ဒရုန်းကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article