ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါး-Nipah ဗိုင်းရပ်စ် ကူးစက်ခံရပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားလိုက်ပြီး ယခုအချိန်အထိ နိုင်ငံတကာအဆင့် ကူးစက်ပျံ့နှံ့နိုင်ခြေမှာ နည်းပါးနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
WHO ၏ ဖော်ပြချက်အရ နီပါးဗိုင်းရပ်စ်ကူးစက်ခံထားရသော လူနာကို ဇန်နဝါရီ ၂၈ ရက်နေ့ ဆေးရုံတွင် လက်ခံကုသခဲ့ပြီး သွေးနမူနာ အပါအဝင် စမ်းသပ်စစ်ဆေးရမည့် နမူနာများကို ထုတ်ယူစစ်ဆေးခဲ့ရာ နီပါး-Nipah ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ၊ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက နီပါး-Nipah ဗိုင်းရပ်စ် ကူးစက်ခံထားရသော အတည်ပြု လူနာတစ်ဦးရှိကြောင်း WHO သို့ အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် နီပါး-ဗိုင်းရပ်စ်ကူးစက်ခံထားရသော လူနာမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် နီပါး- Nipah ဗိုင်းရပ်စ် ကူးစက်မှု နှစ်ခုကို အတည်ပြုခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နီပါး-ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာတစ်ဦး ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေသတွင်း နိုင်ငံများတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသော်လည်း WHO က လက်ရှိအချက်အလက်များအရ ခရီးသွားခြင်းနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များ မလိုအပ်သေးကြောင်း ပြောကြားခဲ့သည်။
WHO ၏ သုံးသပ်ချက်အရ “Nipah ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နိုင်သည့် အများပြည်သူ ကျန်းမာရေး အန္တရာယ်ကို နိုင်ငံအတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် နည်းပါးသည်ဟု သတ်မှတ်ထားပြီး နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နိုင်ခြေမှာလည်း နည်းပါးနေဆဲဖြစ်သည်” ဟု ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးခဲ့သည့် နီပါးဗိုင်းရပ်စ်ကူးစက်ခံလူနာမှာ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး Naogaon ခရိုင်တွင် နေထိုင်သူဖြစ်ကြောင်း ယင်းလူနာတွင် ခရီးသွားခဲ့သည့် မှတ်တမ်း မရှိသော်လည်း ထန်းရည်စိမ်း ခေါ် Raw date palm sap -ပင်ကျအရည်ချိုကို သောက်သုံးခဲ့ကြောင်း ၊ အဆိုပါ ပင်ကျအရည်ချိုကို လင်းနို့များက လာရောက်သောက်သုံးပြီး လင်းနို့၏တံတွေး၊ ဆီုနှင့် မစင်များမှတစ်ဆင့် နီပါဗိုင်းရပ်စ်က ထန်းရည်ရောက်ရှိ ကူးစက်သွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် လူနာနှင့် ထိတွေ့ခဲ့သူ ၃၅ ဦးကို စမ်းသပ်စစ်ဆေးထားပြီး ထပ်မံ ကူးစက်မှု မတွေ့ရှိသေးကြောင်း သိရသည်။
WHO ၏ မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ နီပါး- ဗိုင်းရပ်စ် ကူးစက်မှု ၃၄၈ မှုခန့် တွေ့ရှိခဲ့ပြီး ထိုအထဲမှ တစ်ဝက်ခန့်မှာ ထန်းရည်စိမ်း ခေါ် Raw date palm sap -ပင်ကျအရည်ချိုကို သောက်သုံးခဲ့သူများဖြစ်ကြောင်း၊ နီပါး-ဗိုင်းရပ်စ် ကူးစက်မှုများသည် ဒီဇင်ဘာမှ ဧပြီလအတွင်း ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိပြီး ယင်းကာလသည် Raw date palm sap -ပင်ကျအရည်ချိုများ ထွက်ပေါ် သောက်သုံးလေ့ရှိသည့် အချိန်နှင့် ကိုက်ညီနေကြောင်း WHO က ပြောကြားထားသည်။
လက်ရှိအချိန်တွင် နီပါး ဗိုင်းရပ်စ်အတွက် တရားဝင် ကုသဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးဘဲ သေဆုံးနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်မား သည်ဟု သိရသည်။
WHO အထွေထွေအတွင်းရေးမှူး Tedros Adhanom Ghebreyesus က နီပါးဗိုင်းရပ်စ် ကို အလွန်အန္တရာယ်ရှိသော ရောဂါ” ဟု ဖော်ပြကာ အာဏာပိုင်များအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများ မြှင့်တင်ထားပြီး ပြည်သူများကို ကာကွယ်ရေးနည်းလမ်းများအကြောင်း အသိပညာပေးနေကြောင်း ပြောကြားခဲ့သည်။
၁၉၉၀ ပြည့်နှစ်များအတွင်း မလေးရှားနိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိခဲ့သည့် နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ဖြစ်ပြီး လင်းနို့၊ ဝက်များနှင့် လူအချင်းချင်း ထိတွေ့မှုများမှတစ်ဆင့် ပြန့်ပွားတတ်သည်။
အဆိုပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးဘဲ ကူးစက်ခံရပါက အပြင်းဖျားခြင်း၊ တက်ခြင်းနှင့် အန်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး လက်ရှိတွင် ဝေဒနာရှင်များအား နောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင် ထိန်းချုပ်ပေးသည့် နည်းလမ်းဖြင့်သာ ကုသပေးလျက်ရှိသည်။
နီပါးဗိုင်းရပ်စ်သည် ယခင်ကလည်း အနောက်ဘင်္ဂလားပြည်နယ်တွင် ၂၀၀၁ နှင့် ၂၀၀၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့ဖူးပြီး၊ ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကူးစက်မှု၌ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ဖူးသည်။




