ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ် ၁၁ ရပ်ကွက် ရတနာလမ်းသွယ်အနီး ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁ လုံးထိမှန်ခဲ့ကြောင်း လားရှိုးမြိုကမှ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လားရှိုးမြို့ အမှတ် ၁၁ ရပ်ကွက် ရတနာလမ်းသွယ်အနီးကို ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုရှော့တိုက်ဒုံးသည် လူမနေသည့် နေအိမ်ကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
“ပေါက်ကွဲသံ အကျယ်ကြီးကြားရတာတော့ ဟုတ်တယ်။ ကျနော်တို့က တရုတ်တွေ ဗျောက်အိုး ဖောက်တယ်လို့ပဲထင်တာ အခု ထပ်သိရတာကတော့ အမှတ် ၁၁ ရပ်ကွက် ရတနာလမ်းသွယ်အနီးက လူမနေတဲ့ နေအိမ်ကို ရှော့တိုက်ဒုံးကျတာလို့ ပြောတယ်။ ထိခိုက်မှုမရှိဘူးလို့တော့ ပြောပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ မြို့ပေါ်ကို ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် ပြည်သူများက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
လားရှိုး မြို့ကို MNDAAနှင့် မဟာမိတ်များက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်တပ်ထံ MNDAA က ပြန်လည်လွှဲပြောင်းပေးခဲ့ရကြောင်း၊ ထိုသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရသော်လည်း MNDAA တပ်များသည် လားရှိုးမြို့ပြင်၌ ဆက်လက် တပ်စွဲထားသောကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းတွင် အကြမ်းဖက် စစ်တပ်က ထိုနေရာများကပါ ထပ်မံ ဆုတ်ခွာပေးရန် ဖိအားပေးသောကြောင့် နှစ်ဖက်တပ်များ တင်းမာမှုများရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




