26 C
Yangon

နတ်တလင်းနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦး စိုးရိမ်ရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၄ ဦး စိုးရိမ်ရကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ကျွဲတဲကြီးကျေးရွာအနီး ဆည်ဘောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁၂ လုံး၊ ဒရုန်းများဖြင့် နတ်တလင်းမြို့နယ်အတွင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကံသာယာကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ထို့ပြင် ယမနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က သခွပ်ကုန်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ဈေးဆိုင်ပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဈေးဆိုင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“နတ်တလင်းမှာ စစ်ခွေးတွေက ဒရုန်းတွေကော လက်နက်ကြီးတွေနဲ့ကော ရွာတွေထဲကို တိုက်ခိုက်နေလို့ ပြည်သူတွေ တိမ်းရှောင်နေရတာ တော်တော်များတယ်။ မနေ့က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ စစ်ရှောင်တွေကို စစ်ခွေးတွေ တိုက်ခိုက်လို့ မနေ့က သက်ကြီးပိုင်း အဖိုးအဖွားလင်မယားက စစ်ရှောင်ဖို့ နွားလှည်းနဲ့အထွက် လက်နက်ကြီးကျည် နွားလှည်းကို ထိမှန်ပြီး ၂ ဦးလုံး ဒဏ်ရာရတာ အခုဆေးရုံပေါ်ရောက်နေတယ်။ ဒဏ်ရာတော်တော်ပြင်းထန်တယ်။ ကျနော်တို့ သိရတာတော့ စစ်ခွေးတွေ တိုက်ခိုက် တဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေ ထိမှန်ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရထားလို့ ကြားတယ်။ ၄ ဦးကတော့ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် အသေခံဒရုန်း ၅ စီးဖြင့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆင်နင်းရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂ တပ်ရင်းက အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာထဲကို အသေခံဒရုန်းတွေကျပေမယ့် ပြည်သူတွေ အကုန်လုံး တိမ်းရှောင်နေလို့ ထိခိုက်သူမရှိဘူးလို့တော့ သိရတယ်။ စစ်ခွေးတွေက ကျေးရွာတွေကို ပစ်မှတ်ထားပြီး အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နေတာပါ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article