ရန်ကုန်၊ ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်တပ်က အသက် ၅၀ အရွယ် ဦးအောင်ထွေးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ပစ်ခဲ့သည့်အပြင် ဆီအုန်းခြံလုပ်သား ၄ ဦးအပါအဝင်လူငယ် ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ခမောက်ကြီးမြို့နယ်၊ ၄၅ မိုင်ဘက်မှ ဝင်ရောက်လာသော အင်အား ၁၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီခန့်တွင် အေးချမ်းသာ ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး အသက် ၅၀ အရွယ် ဦးအောင်ထွေးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဦးအောင်ထွေးကို တစ်နေ့လုံးနှင့် တစ်ညလုံးရိုက်နှက်စစ်ဆေးကာ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၃ နာရီအချိန် ကျေးရွာ စာသင်ကျောင်း အနီးတွင် သတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့ဖျောက်ပစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၆ ရက်ညနေပိုင်းအချိန် စစ်တပ်က ယုဇနဆီအုန်းကုမ္ပဏီခြံလုပ်သား ၄ ဦးအပါအဝင် လူ ငယ် ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးသွားပြီး ယခုအခါမာရမ်းကျေးရွာသို့ စစ်တပ်စစ်ကြောင်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းထိုးလာတဲ့အချိန် သူက ခြံကိုအသွား ထိပ်တိုးပြီးဖမ်းခံလိုက်ရတာ။ ရိုက်နှက်စစ်ဆေးပြီး မှ သတ်ပစ်ပြီး အလောင်းကို မီးရှို့ဖျောက်ပစ်ထားခဲ့တာပါ။ ဆီအုန်းခြံက လုပ်သား ၄ ဦးရယ်။ ရွာသူ ရွာသားတွေရယ်ပေါင်းရင်းအားလုံး ၁၀ ယောက်ကျော်ကို ဖမ်းဆီးထားတယ်။ ဖမ်းခံရတာလူငယ်တွေ ချည်းပဲ။နေအိမ်တွေထဲက ရွှေ၊ငွေ၊တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ဖောက်ထွင်းခိုးယူသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းကြောင့် ရွာသူ၊ ရွာသားများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသော်လည်း ထိုင်းဘက်က နေရပ်ပြန်ခိုင်းကြောင်း၊ အချို့သော ရွာသူ၊ ရွာသားများမှာ နီးစပ်ရာတောတောင်များအတွင်းနေထိုင်သော ဆွေမျိုး သားချင်းများထံသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။




