26 C
Yangon

နိုင်ငံတစ်ဝန်းလုံးရှိ စက်သုံးဆီဆိုင်များတွင် Real Time Software တပ်ဆင်ရန် နေပြည်တော်တွင် အစည်းအဝေးခေါ်ယူ၊ သိန်းရာထောင်ချီကုန်ကျမည့် ယင်း Software တပ်ဆင်ရေးအတွက် စွမ်းအင်အရာရှိများနှင့် နည်းပညာကုမ္ပဏီ ၉ ခု ပေါင်းရိုက်စားလုပ်နေဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်အားလုံးတွင် ဆီအဝင်အထွက်ကို တိုက်ရိုက်စောင့်ကြည့်မည့် Real-Time Software စနစ်အား မဖြစ်မနေ တပ်ဆင်ခိုင်းရန် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ယနေ့ အစည်းအဝေးခေါ်ယူခဲ့ပြီး ယင်းစီမံချက်မှာ ဌာနဆိုင်ရာအရာရှိများနှင့် နည်းပညာကုမ္ပဏီများ လက်ဝါးချင်းရိုက်ကာ ကိုယ်ကျိုးစီးပွားအတွက် စားပေါက်ထွင်နေခြင်းဖြစ်ကြောင်း စက်သုံးဆီလောကအတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန က Real-Time Software မဖြစ်မနေ စက်သုံးဆီဆိုင်များတွင် တပ်ဆင်ရန် စက်သုံးဆီ- MPTA အသင်းနှင့် နည်းပညာကုမ္ပဏီများကို အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ဆီဆိုင်များတွင် Online Monitoring ပြုလုပ်နိုင်မည့် Software များ တပ်ဆင်ရေးအတွက် ကုမ္ပဏီများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်း စက်သုံးဆီဆိုင်များအားလုံးတွင် Real Time Software တပ်ဆင်ရန် လုပ်ပိုင်ခွင့်ရရှိထားသည့် နည်းပညာကုမ္ပဏီ ၉ ခုမှာ Innovative Global Wave Technology Co., Ltd၊ Infosys Myanmar Technology & IT Telecom Co., Ltd၊ Pyei Sone Hein Group of Companies၊ Orpak Solution Co., Ltd ၊ Sein Maung Co., Ltd.၊ Star Fish Myanmar Co., Ltd၊ KTZmm IT Solutions Co., Ltd၊ Digital Engineering Tech Co., Ltd ၊Nanolabs Co., Ltd တို့ဖြစ်ပြီး စွမ်းအင်အရာရှိများနှင့်ပူးပေါင်းကာ တင်ဒါသဘောမျိုးဖြင့် ရိုက်စားလုပ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်သုံးဆီဆိုင်များတွင် Real-Time Software စနစ်တပ်ဆင်ရေး စီမံချက်မှာ လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခံလိုက်ရသော ယခင် စွမ်းအင်ဒုဝန်ကြီး သန့်ဇင်နှင့် ညွှန်ချုပ် ရွှေမော်တို့ ကြံစည်ခဲ့သည့် လုပ်စားဂွင်ဖြစ်ပြီး ယခု အသစ်တက်လာသည့် ဒုဝန်ကြီးနှင့် ညွှန်ချုပ်အသစ်တို့က အဆိုပါကုမ္ပဏီများနှင့် ပေါင်းကာ ပြန်လည်အကောင် အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စက်သုံးဆီဆိုင်တစ်ဆိုင်လျှင် သိန်းရာထောင်ချီ ကုန်ကျမည့် အဆိုပါ Software စနစ်ကို မတပ်ဆင်ပါက ဆီခွဲတမ်း ဖြတ်တောက်မည်ဟု ဖိအားပေးနေကြောင်း၊ စစ်တပ်အနေဖြင့် နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် ဆီခွဲတမ်းမပေးချင်သည့်အတွက် စက်သုံးဆီဆိုင်ငယ်များကို စျေးကွက်မှ ပိတ်သိမ်းသွားစေရန် နည်းလမ်းရှာနေခြင်းဖြစ်သည်ဟု တစ်ပိုင်တစ်နိုင် စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“တစ်ပြည်လုံးကဆိုင်တွေကို Software တပ်ဆင်ခ သိန်းရာထောင်ချီကုန်ခံပြီး တပ်ခိုင်းလိမ့်မယ်။ မလုပ်မနေရ လုပ်ရတဲ့အခါ ဆီဆိုင်တွေကလင်္ညး ပြည်သူအပေါ် ဈေးတင်ရောင်းတာတွေ လုပ်ရမှာပဲ။ ခံရမှာက ပြည်သူတွေပဲဆိုတာ သိစေချင်တာပါ” ဟု စက်သုံးဆီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အကယ်၍ သိန်းရာချီကုန်ကျမည့် အဆိုပါ စနစ်ကို တပ်ဆင်ရပါက ဆီဆိုင်ရှင်များအနေဖြင့် မတန်တဆကုန်ကျမည့် နည်းပညာစရိတ်ကို ပြန်လည်ကာမိစေရန်အတွက် စက်သုံးဆီဈေးနှုန်းများကို တိုးမြှင့်ရောင်းချလာခြင်း၊ ဆီအရည် အသွေးလျှော့ချခြင်းနှင့် အချင်အတွယ် ခိုးယူခြင်းများ ပြုလုပ်လာနိုင်ကြောင်း၊ ဆီခွဲတမ်းမရသည့်အတွက် မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာကာ ပြည်သူများ ဈေးကြီးပေးဝယ်ရခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စက်သုံးဆီပိုင်ရှင်တချို့က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article