ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ချင်းပြည်နယ်၊ မတူပီမြို့နယ် ချန်ပြန်းရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၁ ဦး အပါအ၀င် ၃ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်ပြန်း (Chanpian) ကျေးရွာဘက်သို့ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အခြားပြည်သူ ၃၀ ကျော်မှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
“မတူပီကို ဗုံးကျဲတာက လုံး၀တိုက်ပွဲမရှိဘူး။ မတူပီရော၊ ကန်ပက်လက်ရော၊ မင်းတပ်ရော ၃ ရက်ဆက်တိုက် နေ့တိုင်း ဂျက်ဖိုက်တာက ဗုံး ၃ လုံး၊ ၄ လုံးကျဲနေတာ။ မတူပီကတော့ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ကျဆုံးတယ်။ လူ ၃၀ ကျော်ဒဏ်ရာရတယ်။ မင်းတပ်ဘက်က ဆက်သွယ်ရတာက အဲဒီလောက် ဗုံးကျဲတာက မြေပြင်ကနေ စစ်တပ်က စစ်ကြောင်း ဝင်ဖို့ ဗုံးကျဲတယ်လို့ ယုံကြည်ကြတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ ချင်းပြည်နယ်တောင်ပိုင်းဒေသများသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကျေးရွာအတွင်းရှိ လူနေအိမ်များနှင့် အဆောက် အအုံများလည်း ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တူဖေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တူဖေးရွာအနီးရှိ လုံဟော့ခ်ကျေးရွာကို ထပ်မံ ဝသ်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို ဆက်လက် မီးရှို့ခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။






