ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၏ ရေဒါစခန်းကို KIA က ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ် စခန်းခေါ် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်၏ ရေဒါစခန်းတစ်ခုကို KIA က ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဟုတ်ပါတယ်။ မနေ့က ဒရုန်းနဲ့ လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်၏ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တွင် ပြုလုပ်သော ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် အတည်ပြု ပြောဆိုထားသည်။
“ကျနော်တို့ KIO က သတင်းတွေကို သိပ်ပြီးတော့မှ ထုတ်ပြန်လေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေမှာ တချို့သတင်းတွေက ကိုယ်ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ဖက်ကနေ ပြန်ပြီး Counter လုပ်တာတို့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာတို့ လုပ်တတ်ပါတယ်။ ဥပမာ လေယာဉ် တိုက်ခိုက်တဲ့သတင်းတွေ သိပ်မထုတ်ပါဘူး။ တကယ်လည်း လုပ်နေပါတယ်။ ဥပမာ မနေ့ကဆိုရင် ကျနော်တို့ မြစ်ကြီးနားလေတပ်စခနးရဲ့ ရေဒါတစ်ခုကို ဖျက်ဆီးပစ်ပါတယ်။ မနေ့က ဗန်းမော်မှာလည်း တင့်ကား ၁ စီး ပျက်ပါတယ်။ ဒီ ၂ လအတွင်းမှာပဲ တင့်ကား ၇ စီးလောက်ဖျက်ဆီးနိုင်ပါတယ်။ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ ရေဒါကို ဖျက်ဆီးခဲ့တာဖြစ်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း KIA မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့သည်။
ဓာတ်ပုံ- KIA က ယခင်ဖျက်ဆီးနိုင်ခဲ့သော တင့်ကားများနှင့် ဗန်းမော်မှ စစ်တပ်၏ တင့်ကား ၁ စီး။





