ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အင်အား၊ ရဲအင်အား၊ လူထုအင်အား စုစည်း၍ အကြမ်း ဖက်သမားများကို နှိမ်နင်းမည်ဖြစ်ကြောင်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင်အစည်းအဝေးတွင် ထုတ်ဖော်ကြွေးကြော်သည်။
ပြည်သူလူထုတည်ငြိမ်အေးချမ်းမှုကို အပြည့်အဝခံစားနိုင်ရေး တပ်မတော်၏အင်အား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား၊ ပြည်သူလူထု၏ အင်အားများစုစည်း၍ အကြမ်းဖက်သမားများကို နှိမ်နင်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် နောင်တက်လာမည့် အစိုးရအတွက် အထောက်အကူပြုစေမည့် လုပ်ငန်းများအားလုံးကို ဆောင်ရွက်ပေးသွာ ကြရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ဒေသအလိုက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်နေထိုင်သည့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုမရှိသည့် ဒေသများတွင် လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင် ရွက်နေသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းများ၊ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင်ထုတ်ယူခြင်းများဖြင့် အဓမ္မကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်၏ ရွေးကောက်ပွဲသည် အောင်မြင်သော ရွေးကောက်ပွဲဟုခေါ်ဆိုလိုက်ပြီး အချို့သော နိုင်ငံရေးအရ သဘောထား မတိုက်ဆိုင်သူများက ရွေးကောက်ပွဲတွင် ပါဝင်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။
တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံတကာရွေးကောက်ပွဲများကို လေ့လာကြည့်ရာတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၅ ခုနှစ်နှင့် အနီးဆုံးကာလများတွင် အထွေထွေ ရွေး ကောက်ပွဲများကို ၁၉၉ နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၅၀ ၌ မဲပေးမှုရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်းထက်နည်းပါးကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ယခုရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုဟုပြောနိုင်ကြောင်း မင်းအာင်လှိုင်က လိုရာစွဲ၍ ပြောဆိုသွားသည်။
မင်းအောင်လှိုင်က မကြာမီ လွှတ်တော်ခေါ်ယူ၍ အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။




