34 C
Yangon

နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊ မြ၀တီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့သည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်သားများက မုဒိမ်းပြုကျင့်ခဲ့သော အမျိုးသမီး ၂ ဦးအနက် တစ်ဦးမှာ ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ ထို့ပြင် မုဒိမ်းကျင့်ခံထားရသော အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မုဒိမ်းကျင့်သွားတဲ့ သူတွေထဲက မ—-နဲ့ မ—– တို့ ၂ ဦးပဲ အတည်ပြုနိုင်တယ်။ ကျန်တဲ့ သူတွေကတော့ အမည်တွေ အတည်မပြုနိုင်သေးဘူး။ အဲဒီမှာ မ—-ရဲ့ သားက ရဲခွေးလုပ်နေတာ။ အခုထိ ရဲထဲကနေ မထွက်သေးဘူး။ နောက်ပြီး စစ်ခွေးတွေက လူသားဒိုင်း အဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေလည်းရှိသေးတယ်။ အရေအတွက် ဘယ်လောက်ရှိလဲတော့ မသိရသေးဘူး။ စစ်ခွေးတွေက သူတို့လူသားဒိုင်း ဖမ်းဆီးထားတဲ့ သူတွေကို ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မြ၀တီရွာ ၊ ကျွန်းဒေါင့်ရွာ ၊ ဆေးခင်းကြီးရွာ ၊ ရွာသာအေးရွာ၊ ဝက်လူးရွာ၊ ဇီရွာ အောင်မြေစံရွာ ၊ အောင်ချမ်းသာရွာ ၊ မန်ကျီးကုန်းရွာ ၊ ပဲချက် ရှေ့ရွာ၊ ပဲချက် နောက်ရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-နွားထိုးကြီးမြို့နယ်မှ ပျူစောထီးများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article