26 C
Yangon

ပဲခူး၊ သထုံနှင့်မော်လမြိုင်မြို့နယ်များတွင် စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် လူငယ် ၄၀၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးမြို့ နယ်၊ သထုံမြို့နယ်နှင့်မော်လမြိုင်မြို့နယ်တို့တွင် စစ်မှုထမ်းအဖြစ် လူငယ် ၄၀၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသော လူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် ကျိုက္ကော် သိမ်ဆိပ်ရဲစခန်းမှ နယ်ထိန်းရဲ ကျော်ဝဏ္ဏနှင့် တောင်ကြား ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ သုဝဏ္ဏဝတီမြို့သစ်၊ ကျိုက်ကော်မြို့၊ ပဲခူးစု ရပ်ကွက်အတွင်းသို့ ဝင်ရောက်စီးနင်းပြီး လူငယ် ၅၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၇နာရီခန့်အချိန် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ် ကျိုက်ကော်မြို့ ပဲခူးစု ရပ်ကွက်တွင် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းပြီး လူငယ်များကို ဖမ်းဆီးခဲ့ကြောင်း၊ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၂၅နှစ်မှ အသက် ၄၀နှစ်ဝန်းကျင်အရွယ်အထိ လူငယ်များ ပါဝင်ပြီး ဖမ်းဆီးထားသူများကို သထုံမြို့နယ် ထောက်ပို့တပ်ထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“မနေ့ည ၇ နာရီဝန်းကျင်မှ စ၍ သုဝဏ္ဏဝတီမြို့သစ် ကျိုက်တော်မြို့ ပဲခူးစု ရပ်ကွက်အတွင်း ပေါ်တာ ဝင်ဆွဲရာ လိုက်ထရပ်ကား ၂ စီးအပြည့် လူငယ်တွေပါသွားတယ်။ အရက်ဆိုင်နဲ့ အိမ်ပေါ်တွေမကျန်ဝင်ဆွဲတာ။ သထုံမြို့ နောင်ဘိုကျေးရွာ အာဝါဒေးပွဲ သွားတဲ့ လူငယ်တွေလည်း ပါသွားတယ်။ အိမ်ပေါ်အထိ တက်ဆွဲတာတယ်။ စစ်မှုထမ်း ၁၀၀ ရရှိရေး စီမံချက်နဲ့ ဆွဲတာလို့ ပြောတယ်။ လက်ရှိမှာ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ လူငယ်တွေကို သထုံမြို့နယ် ထောက်ပို့တပ်ထဲမှာ ဖမ်းဆီးထားတယ်။ လေ့ကျင့်ရေး ၉ တပ်မှာ လက်ရှိ သင်တန်းတက်နေတဲ့ သထုံမြို့ခံ လူငယ်တွေ အပါဝင် အခြားနယ်တွေကလာတဲ့ တပ်သားသစ်တွေ ၂၉၀ ကျော်ရှိနေတယ်။ မကြာခင် သင်တန်းဆင်းမယ်သိရတယ်”ဟု သထုံဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အပါအဝင် ရပ်ကွက်များတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းထိုက်နှင့်အဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်နေကြောင်း၊ မော်လမြိုင်မြို့ပေါ်တွင် လူငယ် ၁၅၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မော်လမြိုင်မြို့ပေါ်မှာတော့ ပျူစောထီးရော အုပ်ကြီးတွေရော အရမ်းကို​ သောင်းကျန်းနေတာ။ စစ်မှုထမ်းကြေးတွေလည်း လစစဉ်ကို အနည်းဆုံး တစ်အိမ် ၆ သောင်းကောက်တယ်။ ပြီးတော့ ညဘက်ရော နေ့ဘက်ရော စစ်တပ်၊ ပျူစောထီးနဲ့ အုပ်ကြီးအဖွဲ့တွေ ပေါ်တာဆွဲကြတာ။ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာ လူငယ် စုစုပေါင်း ၁၅၀ လောက် မြို့ပေါ်မှာ အဆွဲခံရတယ်” ဟု မော်လမြိုင်မြို့ပေါ် အခြေစိုက် ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေရာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ လူငယ် ၂၀၀ နီးပါး အဖမ်းခံလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နတ်လင်းမြို့နယ်အတွင်း စစ်တပ်နှင့်ပေါ်တာဆွဲ ဖမ်းဆီးသူများတွင် ရွှေကြာပင်ကျေးရွာ အုပ်ချုပ်ရေးမှူး လှဝင်း နှင့် သိန်းထွန်း၊ လှပခြင်းကျေးရွာအုပ်ချုပ်ရေးမှူး မျိုးလှိုင်တို့က စစ်တပ်နှင့်ပူးပေါင်း၍ လူငယ်များကို​ ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ငွေကြေးတတ်နိုင်သူများကို ငွေညှစ်ခြင်းများ အထူး လုပ်ဆောင်ကြကာ ငွေမတတ်နိုင်သူများကို စစ်သားအဖြစ် စုဆောင်းကြောင်း သိရှိရသည်။

“နတ်တလင်းမြို့ပေါ်ရော ရွာတွေမှာရော အရွယ်ရောက်ပြီးသား ယောင်္ကျားသား ရှိရင်၊ လူငယ်လူရွယ်တွေ ညဆို ကိုယ့်အိမ်ကိုယ်မအိပ်ရဲဘူး။ ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို သွားအိပ်ကြတယ်။ ရွာတွေမှာကတော့ တောထဲ တိုက်ထဲ သွားအိပ်ကြတာ။ မြို့ပေါ်ကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ နီးစပ်ရာ လွတ်မယ်ထင်တဲ့နေရာ​ ရှောင်ရတာ။ နတ်တလင်းမှာ ဒီလဆန်းပိုင်းထဲမှာကို ၁၅၀ နဲ့ ၂၀၀ လောက် အဆွဲခံရတယ်။ ပေါ်တာအဆွဲခံရတာ အိမ် ထောင်ရှိ ကလေးအဖေတွေပါဆွဲတာ” ဟု နတ်တလင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၂ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်နှင့်ကားများကို တားဆီးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article