ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ခွာကျေးရွာတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၆ ဦး သေဆုံးကာ အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုအတွက် နိုင်ငံတကာက စုံစမ်းအရေးယူပေးရန် Chin Human Rights Organization (CHRO) က ယနေ့ထုတ်ပြန်တောင်းဆိုလိုက်သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအနက် ကျောင်းမှ အိမ်ပြန်လာသော ကျောင်းသားကျောင်းသူ ၄ ဦး ပါဝင်ပြီး ၁ ဦးမှာ မျက်လုံးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ လေယာဉ်တစ်စင်းက ကျေးရွာအတွင်း ဆောက်လုပ်နေသော နေအိမ်များရှိသည့် နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆောက် လုပ်ဆဲ နေအိမ် ၁၁ လုံးနှင့် ကျေးရွာဆေးခန်း တစ်ခု ပျက်စီးသွားခဲ့ကြောင်း၊ သေဆုံးသူများမှာ အပြစ်မဲ့ ပြည်သူများဖြစ်ကြောင်း သိရှိရသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ စစ်တပ်က လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်မှုအပြီး လေယာဉ်က လှည့်ပတ်ပျံသန်းကာ ယင်းနေရာသို့ပင် နောက်ထပ်တစ်ကြိမ် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းပုံစံမှာ ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် အရေးပေါ်တုံ့ပြန်လာသူများကို ထိခိုက်စေရန် ရည်ရွယ်သည့် “Double-tap” တိုက်ခိုက်မှုပုံစံနှင့် ကိုက်ညီကြောင်း CHRO က ဆိုသည်။
CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇာဥက္ကာလင်းက “ပြည်သူများကို ရည်ရွယ်တိုက်ခိုက်ခြင်းနှင့် လူထုအား ကြောက်ရွံ့စေလိုသော ရည်ရွယ်ချက် ထင်ရှားသည်” ဟု ပြောကြားပြီး တိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း၊ တာဝန်ရှိသူများကို တာဝန်ခံမှုရှိစေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
CHRO က ယင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးပေါ် စုံစမ်းစစ်ဆေးပေးရန်၊ စစ်တပ်ထံ လေယာဉ်လောင်စာဆီ ပေးပို့မှုများ ရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေရေးရာ ယန္တရားများမှ တာဝန်ခံမှု ဆောင် ရွက်ပေးရန် တောင်းဆိုထားသည်။
ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗြိတိန်နိုင်ငံက အရေးပေါ် အစည်း အဝေး ခေါ်ယူပေးရန်လည်း CHRO က တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ အသုံးပြုလာခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားသည်။






