ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီကျော်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ ကျေးရွာပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း နတ်တလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အိမ်သုံးဆယ်ရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင် စစ်ကြောင်းကြောင့် ဒမငယ်ရွာ၊ အိမ်သုံးဆယ်ရွာ၊ မင်းဘူးကျွန်းရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ ကံသာယာကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
“နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်ခွေးတွေက မနေ့က နံနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံး ၄ လုံးကျဲချသွားတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ စစ်ခွေးဒရုန်းတွေက နေ့စဉ် ပျံဝဲနေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ သေးမီဒဲရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လူသောမြို့နယ်၊ သေးမီဒဲရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် ပြည်သူ ၁ ဦး ခြေထောက်တွင် ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိကာ နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၆ လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




