ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် မဲခေါင်မြစ်ပေါ် ၁၆၂ ကြိမ်မြောက် လှည့်ကင်းနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် စတင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာ CCTV က သတင်းဖော်ပြသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ရဲဆိပ်ကမ်းမှ တရုတ် ကင်းလှည့်သင်္ဘော ၃ စင်း (No. 53106, 53107, 53108) ထွက်ခွာခဲ့ပြီး လာအိုနိုင်ငံဘက်မှ သင်္ဘောအမှတ် 003 နှင့် မြန်မာနိုင်ငံဘက်မှ သင်္ဘောအမှတ် 161 တို့လည်း သတ်မှတ်ထားသည့် ဆိပ်ကမ်းများမှ ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံလေးနိုင်ငံမှ လှည့်ကင်းသင်္ဘောများက မဲခေါင်မြစ်၏ သတ်မှတ်ထားသော ရေပြင်ဧရိယာတွင် တွေ့ဆုံပြီး ပူးပေါင်းလှည့်ကင်းအဖွဲ့ (joint flotilla) အဖြစ် ဖွဲ့စည်းကာ ညှိနှိုင်းလှည့်ကင်းနှင့် ဥပဒေလိုက်နာရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုလှည့်ကင်းမတိုင်မီ နိုင်ငံလေးနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်များသည် ယူနန်ပြည်နယ် ဂျင်ဟာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင် မကြာမီရောက်ရှိမည့် နွေဦးပွဲတော်ကာလနှင့် မဲခေါင်မြစ်ပေါ် သင်္ဘောသွားလာမှု များပြားလာမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လှည့်ကင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့ရန် သဘောတူညီချက်များ ရရှိခဲ့ကြောင်း CCTV က ဆိုသည်။
ယခုလုပ်ငန်းစဉ်အတွက် တရုတ်သင်္ဘော No. 53107 ပေါ်တွင် ပူးပေါင်းအမိန့်ပေးဌာန (joint command center) တည်ဆောက်ထားပြီး နိုင်ငံလေးခုလုံးမှ အရာရှိများက ပူးပေါင်းညွှန်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
လှည့်ကင်းအတွင်း ရေပြင်နှင့် မြေပြင် ပူးပေါင်းစစ်ဆေးမှုများ၊ အဓိကဧရိယာများတွင် တားဆီးစစ်ဆေးမှုများနှင့် အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ရပ်များနှင့် ရာဇဝတ်မှုများကို တိုက်ဖျက်သွားမည်ဟု သိရှိရသည်။
ထို့အပြင် လာအိုနိုင်ငံ ဟွေးဆိုင်မြို့တွင် သတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေး ပြုလုပ်ကာ မဲခေါင်မြစ်ဒေသ၏ လုံခြုံရေးအခြေအနေကို ပူးပေါင်းသုံးသပ်ပြီး ဒေသလုံခြုံရေးနှင့် ပူးပေါင်းဥပဒေလိုက်နာရေး ဆောင်ရွက်မှုများ တိုးချဲ့ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။




