ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ခုကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က တိုက်ပွဲအတွင်း အထိနာပြီး ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ နေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က နတ်တလင်းမြို့နယ်၊ ကျောက်ပြုတ်ရွာနှင့် ဆင်ဝိုင်းရွာတို့ကို လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ပြုတ်ရွာကို ဗုံး ၂ လုံးနှင့် ဆင်ဝိုင်းရွာကို ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ပြုတ်ရွာမှ မအေးအေးတိုး အသက် ၃၁ နှစ်သည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ကိုရဲ အသက် ၃၅ နှစ်နှင့် သားဖြစ်သူ မောင်လှိုင်ထက်ကျော် အသက် ၁၁ နှစ်သည် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ကွက်သစ်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း၊ လက်ရှိချိန်တွင် မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းနေ၍ ဒမငယ်ရွာ၊ အိမ်သုံးဆယ်ရွာ၊ မင်းဘူးကျွန်းရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးတွေ ဗုံးကျဲသွားတာက ပြည်သူတွေ နေအိမ်ပေါ်ကျပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ ဦးကို ဗုံးစထိမှန်တာ အမျိုးသမီး ဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးတယ်။ အမျိုးသားနဲ့ သူတို့ရဲ့ ကလေးကတော့ ပြင်းထန်ဒဏ်ရာရတယ်။ အခုလည်း စစ်ခွေးစစ်ကြောင်းက ကွက်သစ်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ နံနက်ပိုင်းမှ စတင်ပြီး ပေါင်းတည်မြို့နယ်၊ ကျွဲတဲဆည်ဘောင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာ နှင့် သရက်ပန်ကန်ရိုးရွာ ဘက်ကို ပစ်ခတ်နေသောကြောင့် ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။






