ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး လမ်းပိုင်းများ ပိတ်ထားရကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ပြင်းထန်နေပြီး စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ စစ်တပ်က တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများ အပါအဝင် ကျေးရွာများကို လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လက်ရှိချိန်တွင် ထားဝယ် – သရက်ချောင်း လမ်းပိုင်း ၊ ထားဝယ်-ပုလော လမ်းပိုင်းနှင့် မြိတ် လမ်းပိုင်းများ သွားလာခွင့် ပိတ်ပင်ထားပြီး ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“အခုလက်ရှိချိန်က တနင်္သာရီတိုင်းထဲမှာ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ခွေးတွေက အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာနေလို့ KNU နဲ့ တော်လှန်ရေး ပူပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာ တနင်္သာရီတိုင်းထဲမှာ စစ်ခွေးတွေက ရုတ်တရက် စစ်ရေးတိုးမြှင့်လာလို့ တိုက်ပွဲ ပြင်းထန်လာပြီး နှစ်ဖက် စစ်ရေးတင်းမာလာတာ စစ်ရေးတင်းမာနေလို့ ထားဝယ်-သရက်ချောင်း လမ်းပိုင်း ၊ ထားဝယ်-ပုလော လမ်းပိုင်းနဲ့ မြိတ်လမ်းပိုင်းတွေလည်း ပိတ်ထားရတယ်။ စစ်တပ်က တိုက်ပွဲတွေအတွင်းမှာ အထိနာနေလို့ လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်။ ဆက်လက်ပြီး စစ်ရေးဆက်တင်းမာလာနိုင်တယ်” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကောလင်းမြို့တွင်းမှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကောလင်းမြို့နယ် အနောက်ခြမ်း သရက်ခုံကျေးရွာအနီးတွင် တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက် ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်းသိရှိရသည်။




