28 C
Yangon

ကျောက်ပန်းတောင်းရှိ ဘုရားကြီးကုန်ရွာကို စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့မှု နေအိမ် ၂၀ ခန့် မီးလောင်ပြာကျ၊ ဝက်လက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ဧရာဝတီမြစ်ကမ်းဘေးမှ ကျေးရွာအားလုံး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ရှိ ဘုရားကြီးကုန်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခြင်းကြောင့် နေအိမ် ၂၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နံနက် အစောပိုင်း ၅ နာရီခန့်တွင် တလိုင်းကန်ရွာ ၊ငသရောက်ရွာနှင့် ကျောင်းစုရွာ ဘက်မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုရားကြီးကုန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ခန့် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုရားကြီးကုန်ရွာကို ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ယင်း စစ်ကြောင်းတွင် ရေဆုံးရွာမှ ပျူစောထီးများ၊ ပွေးကျစ်တိုက်နယ်အတွင်းရှိ စမ်းပွင့်ရွာ၊ သရက်တောရွာ၊ ဆီးကန့်ရွာ၊ အိမ်အိုရွာ၊ အတာဘတ်ရွာတို့မှ ပျူစောထီးများ၊ ဘိုကုန်းရွာ၊ ကျည်ကုန်းရွာ၊ သဘွတ် ကုန်းရွာ ၊ ညောင်တိုဈေးကုန်းရွာတို့ ပျူစောထီး များ၊ စီပေါက္ကံရွာမှ ငပေါ်၏ လက်အောက်ခံ ပျူစောထီးများပါဝင်ကြောင်း သိရသည်။

“ဘုရားကြီးကုန်ရွာကို စစ်ခွေးတွေက မနေ့က ထပ်ပြီး မီးရှို့သွားတယ်။ ဇန်နဝါရီလကလည်း စစ်ခွေးတွေ မီးရှို့လို့ ရွာထဲက နေအိမ် ၂၀ ကျော်ပြာကျပြီးပြီ အခုလည်း ပျူတွေကော စစ်ခွေးတွေကော ပေါင်းပြီး ထပ်လာရှို့တာ အရင်ကလာတဲ့ ပျူတွေလည်းပါတယ်။ စစ်ခွေး စစ်ကြောင်းကြောင့် ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းပြီး ရွာထဲ၌ တပ်စွဲထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးမှ ကျေးရွာအားလုံး တိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှော့မြောက်ခြင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ဝက်လက်မြို့နယ် အရှော့မြောက်ခြင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေတာက အခုထိပဲ အဲခွေးစစ်ကြောင်းက ကျေးရွာ ၆ ခုလောက်မှာ တပ်ဖြန့်ထားတာပေါ့။ ပြည်သူတွေ ရှောင်နေရတာ လနဲ့ချီနေပြီး အခုထိ ခွေးတွေက တပ်စွဲထားတုန်းပဲ အခုခွေးစစ်ကြောင်းကြောင့် ပြေးနေရတာက ဧရာဝတီမြစ်ကမ်းဘေးက ရွာတော်တော်များများက ပြေးနေရတုန်းပဲ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်းပိုင်းမှ စတင်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ ၊ ဦးတည်ကုန်းရွာ၊ ပင်ဇင်းရွာ၊ ကျီးကန်မြောက်ရွာ၊ ဘုရားပြန်ရွာ၊ သရက်ကြီးရွာ၊ ရွာသစ်ရွာနှင့် ရေဂမိုးရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article