ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မြန်မာနိုင်ငံကူးလက်မှတ်အတုအပ ပြုလုပ်ခြင်းနှင့် မဟုတ်မမှန်လိမ်လည်ခြင်းတို့ကို အရေး ယူရန် စစ်တပ်က နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲနေကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး စစ်တပ်၏ ရှေ့နေချုပ် သီတာဦး ဦးဆောင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေမူကြမ်းက နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်း လဲ၍အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြု စေခြင်းစသည့် မဟုတ်မမှန်လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က လက်ရှိအသုံးပြုလျက်ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူးလက် မှတ် အက်ဥပဒေသည် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုမရှိ၍ နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြု စေခြင်းစသည့် မဟုတ်မမှန်လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက် များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်စေရန် ဥပဒေ အသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာဥပဒေ(မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှု ရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။




