ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား လေဆိပ်နှင့် အဆောက်အဦးတချို့ကို အသေခံဒရုန်း ထိမှန်ပြီး လေယာဉ်ခရီးစဉ် အားလုံးရပ်နားထားရကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်နှင့် ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မြစ်ကြီးနာမြို့ လေဆိပ်ကွင်းနှင့် အဆောက်အဦး တချို့ကို အသေခံဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ် ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို အသေခံဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ် ပြေးလမ်းများလည်း ထိမှန်ခဲ့ပြီး အဆောက်အဦး တချို့လည်း ထိမှန်ခဲ့ကြောင်း၊ ထို့ပြင် jammer ထိမှန်၍ လေယာဉ် ပြေးလမ်းတွင် ပြတ်ကျနေသော ဒရုန်း ၁ စီးကိုလည်း တွေ့မြင်ခဲ့ရကြောင်း ခရီးသွားပြည်သူများက ပြောဆိုသည်။
“အသေခံဒရုန်း ၁ စီးက jammer မိပြီး လေဆိပ် ပြေးလမ်းပေါ်ပြုတ်ကျတာ မနက်တည်းက လက်နက် ကျနေတာ ညနေမှာ အသေခံဒရုန်း ပြေးလမ်းပေါ်ကျနေတာကို တွေ့ကြတာ jammer မိသွားပုံရတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်တာ ဖြစ်ဖို့များတယ်။ လေဆိပ်ကိုကျော်ရင် တိုင်းရုံးပဲ” ဟု ဒေသ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ထိုသို့ အသေခံဒရုန်းများ ကျရောက် ပေါက်ကွဲပြီးနောက် ညပိုင် ပျံသန်းမည့် ခရီးစဉ် အားလုံးကို ရပ်နားလိုက်ပြီး မည်သည့်ရက်မှ ပြန်လည် ဖွင့်လှစ်မည်ကို မသိရသေးကြောင်း ခရီးသွားပြည်သူများက ဆက်လက် ပြောဆိုသည်။






