ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်း အုပ်ချုပ်သော ၅ နှစ်တာကာလအတွင်း တိုင်း ပြည်တိုးတက်ခဲ့သည်ဟု ပြသနိုင်ရန် မင်းအောင်လှိုင်က နိုင်ငံ၏ ဘတ်ဂျက်နှင့်ကုန်သွယ် ရေးကဏ္ဍတွင် လိုငွေပြသမှုများကို လျှော့ချခိုင်းပြီး စာရင်းအပြီးသတ်ချုပ်ခိုင်းနေကြောင်း သက်ဆိုင်ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
မင်းအောင်လှိုင်က လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဝန်ကြီးဌာနများအားလုံးက မတ်လအတွင်း ဖြစ်ပေါ်လာမည့် အစိုးရသစ်ထံသို့ ငွေကြေးစာရင်း၊ ဘတ်ဂျက်စာရင်း၊ ရွှေ့ပြောင်းနိုင်သော စာရင်းနှင့် မရွှေ့ပြောင်းနိုင်သော စာရင်းများ စာရင်းချုပ်၍ လွှဲပြောင်းရန် ပြင်ဆင်ခိုင်းနေရာတွင် သက်ဆိုင်ရာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေ ဖြင့် ဘတ်ဂျက်လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှုများကို တတ်နိုင်သမျှ လျှော့ချကာ ၅ နှစ်တာကာလအတွင်း ကုန်သွယ်ရေး ပိုငွေပြမှုနှင့် နိုင်ငံတော်ဘတ်ဂျက်တွင် အနုတ်လက္ခဏာ နည်းအောင် ပြသစာရင်းချုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
“ဘဏ္ဍာရေး ၁ နှစ်ချင်းစီအလိုက်တော့ ကုန်သွယ်ရေးမှာရော ဘတ်ဂျက်မှာရော လိုငွေပြတာတွေရှိတယ်။ ဒါပေမယ့် အခုကတော ၅ နှစ်တာ စာရင်းချုပ်အနေနဲ့ကတော့ ကုန် သွယ်ရေးပိုငွေပြတာ၊ နိုင်ငံတော်ဘတ်ဂျက်မှာ လိုငွေကို အများကြီး မပြအောင်၊ အနုတ်လက္ခဏာ နည်းအောင် စာရင်းချုပ်ခိုင်းတာ။ ၅ နှစ်တာ ဘတ်ဂျက်လိုငွေပြမှု နည်းအောင် စာရင်းချုပ်တာ။ နိုင်ငံတော်တိုးတက်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်တော့ သက်ရောက်အောင် စာရင်းချုပ်တာ” ဟု သက်ဆိုင်ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ နိုင်ငံတော်ဘတ်ဂျက်ကို စာရင်းချုပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရငွေရရှိမှု ၇၁ ဒသမ ၇၈ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၇၇ ဒသမ ၀၆ ရာခိုင်နှုန်း၊၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၆ ဒသမ ၁၀ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၈၄ ဒသမ၂၅ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၁၀၄ ဒသမ ၉၆ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၉၀ ဒသမ ၇၈ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၈၉ ဒသမ ၃၂ ရာခိုင်နှုန်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရငွေရရှိမှု ၇၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ သုံးငွေ သုံးစွဲမှု ၅၉ ဒသမ ၅၅ ရာခိုင်နှုန်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း သုံးစွဲငွေနှင့် ရရှိငွေကို ဟန်ချက်ညီ ထိန်းချုပ်စာရင်းညှိခိုင်းကြောင်း သိရှိရသည်။
ယင်းအပြင် ကုန်သွယ်ရေးအနေဖြင့်လည်း ၅ နှစ်တာကာလအတွင်း လိုငွေမပြဘဲ ပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့် စာရင်း ချုပ်ထားကြောင်း၊ စစ်တပ်အုပ်ချုပ်သော ၅ နှစ်တာကာလအတွင်း
လယ်ယာထွက်ကုန်များကို ၄၀ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်စာရင်းချုပ် ပြသခိုင်းကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က စစ်တပ်အုပ်ချုပ်သော ၅ နှစ်တာ ကာလအတွင်း စီးပွားရေးတိုးတက်ခဲ့သည်ဟုစာရင်းလိမ်လည်ပြသရန် စေခိုင်းသော်လည်း NLD အစိုးရလက်ထက်တွင် နိုင်ငံနှင့်မကိုက်ညီသော နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းခဲ့ရသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်တွေ့ဆုံတွင် အကြမ်းဖက် မင်းအောင်လှိုင်က ဝေဖန်ပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံ၏ တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူ ဆောင်ရွက်ချိန်တွင် ပြည်သူလူထုက ၎င်းတို့အပေါ် များစွာ မျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှု အတွေ့အကြုံ အားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှု များကြောင့် စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် ၂ နှစ်အတွင်း ပြည်ပအကူအညီများစွာ ရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိခြင်း၊ ပြည်တွင်း စီးပွားရေးအားပေးမှု မရှိခြင်း၊ ပြည်တွင်းကုတ်ထုတ်လုပ်မှုများ မရှိခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသား အကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့ စီးပွားရေး ကျဆင်းခဲ့ကြောင်း မင်းအောင်လှိုင်က အပြစ်တင်ခဲ့သည်။
ပြည်သူလူထုက ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
စစ်တပ်က တာဝန်ယူထားချိန်တွင် စီးပွားရေးနှင့်ပတ်သက်၍ စီးပွားရေးအရ ပိတ်ဆို့မှုများ ရှိခဲ့ပြီး ပြည်ပ ထောက်ပံ့မှုများစွာ လျော့နည်းသွားခဲ့ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများကို ပြန်လည် ပေးဆပ်နိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက် အချက် အလက်များ မှန်ကန်စွာ မရရှိ၍ နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။




