34 C
Yangon

မြစ်ကြီးနားလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်အစောပိုင်းမှစတင်၍ ၀ိုင်းမော်မြို့နယ်သို့ လက်နက်ကြီးများဖြင့် စစ်တပ်က အဆက်မပြတ် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်အစောပိုင်းမှစတင်၍ ၀ိုင်းမော်မြို့နယ်သို့ လက်နက်ကြီးများဖြင့် စစ်တပ်က အဆက်မပြတ် ပစ်ခတ်နေကြောင်း မြစ်ကြီးနားမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေတပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone များဖြင့် KIA/PDF တပ်များက အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စစ်တပ်က လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်းနှင့် အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန်မှစတင်ပြီး စစ်တပ်က ၀ိုင်းမော်မြို့နယ်၊ ခလရ ၅၈ တပ်အနီးအပါအဝင် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောဆိုသည်။

“ဒီမနက် ၁ နာရီလောက်ကတည်းက လက်နက်ကြီးတွေ ပစ်နေတာ။ ၁၂၀ မမ တွေနဲ့ ပစ်တယ်လို့ ပြောတယ်။ အိမ်ပြင်ထွက်ကြည့်တော့ လက်နက်ကြီး အလုံးတွေ သွားနေတာမြင်ရတယ်။ မနားဘူး တောက်လျှောက်ပစ်နေတာ။ ပြန်အိပ်လို့တောင်မရဘူး။ ပစ်တာက မပခနဲ့ လေတပ်စခန်းနားက နေပစ်နေတာ။ မြစ်ကြီးနားတစ်မြို့လုံးကြားတယ်” ဟု မြစ်ကြီးနားမြို့မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မြစ်ကြီးနားနှင့်၀ိုင်းမော်မြို့နယ်တို့ကို တိုက်ပွဲ ဖော်ဆောင်ရန် အဆင်သင့်ရှိနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် ၆၅ နှစ်မြောက် ကချင်တော် လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုထားသည်။

“ကချင်မှာဆိုရင်တော့ မြစ်ကြီးနားကွက်ကွက်ပဲ တိုက်ပွဲက မကျန်တော့တာ။ မြစ်ကြီးနားမှာလည်း ဗန်းမော်၊ ၀ိုင်းမော် အပါအဝင် မြို့နယ်အစုံက စစ်ဘေးရှောင်တွေ လာခိုလှုံနေကြတာပါ။ တကယ်လို့သာ မြစ်ကြီးနားမှာပါ တိုက်ပွဲတွေဖြစ်ရင်တော့ စစ်ဘေးရှောင်တွေအတွက် ဘယ်ကို ဆက်ပြီး သွားခိုလှုံရမလဲဆိုတာ ခက်မယ်။ မြစ်ကြီးနားဘက်ကို စစ်ကိုင်းဘက်ကလည်း စစ်ရှောင်တချို့ လာနေကြတာရှိတယ်” ဟု မြစ်ကြီးနားမြို့ အခြေစိုက် စစ်ဘေးရှောင်များကို အကူအညီပေးနေသူ ကချင်လူငယ်တစ်ဦးက ပြောဆိုသည်။

မြစ်ကြီးနားမြို့မှာ အကြမ်းဖက်စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ရုံးနှင့် လေတပ်စခန်းများလည်း အခြေစိုက်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article