ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ချင်းယားကုန်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅နာရီ ၅၃မိနစ်ခန့်အချိန် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီးဖြင့် ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ အခြားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ သေဆုံးတာကတော့ ပြည်သူ ၂ ဦးသေဆုံးတယ်။ သေဆုံးတဲ့ ပြည်သူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးကတော့ ချင်းယားကုန်း ကျေးရွာကလို့သိရတယ်။ စစ်ခွေးတွေက ဗုံး ၂လုံး ကျဲသွားတာပါ။ “ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဒီပဲယင်းမြို့နယ် ဘုတ္ထန်းကျေးရွာအတွင်းသို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်သဖြင့် ဘုတ္ထန်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ်အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး နေအိမ် ၁၀ လုံးမှာလည်းဗုံးဒဏ်ကြောင့် ပျက်စီးသွားကြောင်း၊ အခြား နေအိမ် ၁၆ လုံးခန့်မှလည်း ဗုံးစများထိမှန်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည။






