ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်တွင် ထိုင်းနိုင်ငံသူ အမျိုးသမီး ၄ ဦးကို တရုတ်ရာဇဝတ်ဂိုဏ်းက ဖမ်းဆီးသွားခဲ့ရာ အမျိုးသမီး ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၃ သိန်းဖြင့် ပြန်ရွေးရန် ငွေညှစ်မှုမှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ Matichon သတင်းဌာနက သတင်းဖော်ပြသည်။
ယနေ့ နံနက်ပိုင်း မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ တရုတ်ရာဇဝတ်ဂိုဏ်းများထံတွင် ဖမ်းဆီးပိတ်လှောင်ခံရပြီး ငွေညှစ်ခံနေရသည့် ထိုင်းအမျိုးသမီး ၄ ဦးကို ထိုင်းအာဏာပိုင်များက နယ်မြေခံလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ကာ ဘေးကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း အဆိုပါ ထိုင်းအမျိုးသမီး ၄ ဦးက အွန်လိုင်းမှတစ်ဆင့် “မြဝတီမြို့ရှိ KTV ဖျော်ဖြေရေး လုပ်ငန်းတွင် လစာကောင်းကောင်းဖြင့် အလုပ်ရမည်” ဟူသော မက်လုံးပေးလိမ်လည်မှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့ကို မဲဆောက်မြို့ ကားကြီးကွင်းမှတစ်ဆင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး မြန်မာဘက်ခြမ်းရောက်ရှိချိန် ကတိအတိုင်းမဟုတ်ဘဲ ရွှေကုက္ကိုလ်ရှိ Apollo အဆောက်အဦးအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးမှာ ကာစီနိုနှင့် ကျားဖြန့်အွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းများ ပူးတွဲလုပ်ဆောင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းအမျိုးသမီး ၄ ဦးကို ဖမ်းဆီးခဲ့သော တရုတ်ရာဇဝတ်ဂိုဏ်းက ယင်းအမျိုးသမီးများကို အခြားဂိုဏ်းသစ်များထံသို့ ထပ်ဆင့်ရောင်းချရန် ကြိုးပမ်းခဲ့ကြပြီး ထိုင်းနိုင်ငံသို့ ပြန်လိုပါက ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၃ သိန်း (မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျော်) စီ ပေးလျော်ရမည်ဟု ဆိုကာ ပြန်ပေးဆွဲငွေညှစ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကို “Natty Loves Myanmar” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းရရှိခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကွန်ရက်မှတစ်ဆင့် ထိုင်းဒုဝန်ကြီးချုပ်ထံ အကူအညီတောင်းခံစာ ပေးပို့ခဲ့ရာမှ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့နံနက် ၉ နာရီခွဲအချိန် မဲဆောက်ရဲစခန်းနှင့် နယ်မြေခံအဖွဲ့များက မြန်မာဘက်ခြမ်းရှိ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ သောင်ရင်းမြစ် ကူးတို့ဆိပ်တစ်ခုမှတစ်ဆင့် ၎င်းတို့ကို ပြန် လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် အမျိုးသမီး ၄ ဦးစလုံးမှာ ဘေးကင်းလုံခြုံစွာ ရှိနေပြီး ၎င်းတို့ကို “လူကုန်ကူးခံရသူ” ဟုတ်၊ မဟုတ် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးရုံးတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်




