ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်၊ မြောက်ဦးနှင့်ကျောက်တော်မြို့များကို စစ်တပ်က လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲမှုကြောင့် ၂ လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံးသွားကြောင်း AA ၏ တရားဝင် သတင်းထုတ်ပြန်ချက်နှင့် စာရေးဆရာ ဝေဟင်အောင် ပြောဆိုချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၁၁ မိနစ်အချိန် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး) ပြည်သူများနေထိုင်ရာ နေရာများသို့ စစ်တပ်က လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပိုက်သည်ရပ်ကွက်တွင်နေထိုင်သော အသက် ၂၃ နှစ်အရွယ် မောင်ဦးဆန်းဝင်း၊ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၃၁ နှစ်အရွယ် ဦးညီချေ၊ အသက် ၅၃ နှစ် အရွယ် ဒေါ်အေးနု တို့ ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရကနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာသို လေကြောင်းမှ ဗုံး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၂ လသားအရွယ် မောင်အောင်လင်းဟိန်း၊ အသက် ၂၈ နှစ်အရွယ် ဦးအောင်လင်းစိုး၊ အသက် ၂၅ နှစ်အရွယ် ဒေါ်သန္တာစိုးတို့ မိသားစု ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ပြည်သူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရ၍ နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက မိသားစု တစ်စု (အဖေ၊ အမေနဲ့ လသားအရွယ်ကလေး) တို့က စစ်ရှောင်ပြည်သူတွေပါ။ ပြည်ထောင်စုနေ့မှာ အကြမ်းဖက် လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင်လုပ်ပြပြီးတော့ ပြည်ထောင်စုကို ပျက်ရယ်ပြုတာဖြစ်တယ်။ တဖက်မှာ ယုတ်မာချက်က ကမ်းကုန်နေပြီ” ဟု စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း သံတွဲမြို၊ အမှတ် ၃ ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိရသည်။
စစ်တပ်က ယခုရက်များအတွင်း ရခိုင်ပြည်ကို တိုက်လေယာဉ် ၂ စီးနှင့်အထက်၊ ကင်းထောက်လေယာဉ်များကို တစ်ပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသောကြောင့် ပြည်သူများ အနေဖြင့် စစ်တပ်၏ လေကြောင်း၊ ရေကြောင်းရန်များကို ပိုမို သတိရှိကြရန် AA က သတိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ- One Nation News ။






