ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးသွားကြောင်း ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်း စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်အစပ်၊ ဖိုလ်ဝင်တောင်အရှေ့ဘက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
“မနေ့ နေ့လယ်ပိုင်းမှာ စစ်ခွေးတွေက ဖိုလ်ဝင်တောင် အရှေ့ဘက်မှာရှိတဲ့ PDF စခန်းကို လေကြောင်းတိုက်ခိုက်တာပါ။ အဲဒီမှာ PDF ရဲဘော် ၁၃ ဦးကျဆုံးပါတယ်” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီကျော်အချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ခြမ်းရှိ မြင့်စိုင်းကုန်းလမ်းဆုံတွင် ဖွင့်လှစ်ထားသော ကုန်မာဆိုင်တစ်ဆိုင်ကိုလည်း စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မြိုင်အညာမြေ” အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ ဆရာထွေးက “တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချသွားတာပါ။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ သက်သက်မဲ့ လာကျဲတာ။ လူထိခိုက်တာတော့ မရှိပေမယ့် ဈေးဆိုင်အဆောက်အအုံကတော့ ပျက်စီးသွားတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။






