29 C
Yangon

Air KBZ နှင့် KT Group ထံသို့ လွှဲပြောင်းခဲ့သော ATR ခရီးသည်တင်လေယာဉ်များကို မြန်မာစစ်တပ်က စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ပြီး လေယာဉ်ငှားရမ်းပေးခဲ့သည့် NAC ကုမ္ပဏီက လူ့အခွင့်အရေးစံနှုန်း လိုက်နာရန် ပျက်ကွက်ဟု ဒိန်းမတ် အတည်ပြု

Must read

ရန်ကုန် – ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံရှိ Air KBZ နှင့် KT Group ထံသို့ လွှဲပြောင်းခဲ့သော ATR ခရီးသည်တင်လေယာဉ်များကို မြန်မာစစ်တပ်က စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ပြီး လေယာဉ်ငှားရမ်းပေးခဲ့သည့် NAC ကုမ္ပဏီက လူ့အခွင့်အရေးစံနှုန်း လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဒိန်းမတ်နိုင်ငံက အတည်ပြုလိုက်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

ဒိန်းမတ်နိုင်ငံအဆင့် တိုင်ကြားရေးဌာန (NCP Denmark) ၏ စစ်ဆေးတွေ့ရှိချက်များအရ လေယာဉ်အငှားကုမ္ပဏီ Nordic Aviation Capital (NAC) က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ OECD လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် NAC က Air KBZ ကဲ့သို့သော ၎င်း၏ စီးပွားဖက်များနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ အခြေ အနေကို ထည့်သွင်းစဉ်းစားပြီး ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် လုံလောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

NAC က မြန်မာနိုင်ငံရှိ Air KBZ နှင့် KT Group ထံ လွှဲပြောင်းပေးအပ်ခဲ့သော ATR ခရီးသည်တင်လေယာဉ်များကို မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ ပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ခြင်း၊ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်းနှင့် အထူးပုဂ္ဂိုလ်ခရီးစဉ်များအတွက် အမှန်တကယ် အသုံးပြုမောင်းနှင်ခဲ့ကြောင်း ၊ မြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများတွင် NAC ကုမ္ပဏီမှ Air KBZ နှင့် KT Group တို့ထံ လွှဲပြောင်းပေးအပ်ခဲ့သော ATR ခရီးသည်တင်လေယာဉ် ၄ စီး (MSN 545, 602, 658, 1085) ကို မြန်မာ့လေတပ်က လေယာဉ်အမှတ် 0003၊ 0004၊ 0005 နှင့် 0011 တို့အဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြောင်း သိရှိရသည်။

NCP Denmark ၏ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ၏ လေကြောင်းစီးပွားရေးကဏ္ဍနှင့် စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများအကြား နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေမှုကို မီးမောင်းထိုးပြနေပြီး၊ NAC နှင့် ၎င်း၏ မိခင်ကုမ္ပဏီ Dubai Aerospace Enterprise (DAE) တို့အနေဖြင့် အဆိုပါ တွေ့ရှိချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် တာဝန်မဲ့သော စီးပွားရေးလုပ်ဆောင်မှုများကို ရပ်တန့်ရန် JFM က တောင်းဆိုထားသည်။

JFM အနေဖြင့် NCP Denmark ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း စုံစမ်းစစ်ဆေးမှုတွင် အကန့် အသတ်များ ရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် KT Group နှင့် စစ်တပ်အကြားရှိ စာချုပ်များကို သက်တမ်းကန့်သတ်ချက် အကြောင်းပြကာ ချန်လှပ်ထားခဲ့ခြင်းမှာ မြန်မာစစ်တပ်က အဆိုပါ လေယာဉ်များဖြင့် ကျူးလွန်နေသော ရာဇဝတ်မှုများကို လျစ်လျူရှုရာ ရောက်နေကြောင်း ထောက်ပြထားသည်။

ယခုအခါ Justice For Myanmar အနေဖြင့် NAC နှင့် ၎င်း၏ မိခင်ကုမ္ပဏီဖြစ်သော Dubai Aerospace Enterprise (DAE) တို့ကို ဒိန်းမတ်နိုင်ငံ၏ တွေ့ရှိချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် မြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများတွင် ပါဝင်ပတ်သက်နေမှုများကို ရပ်တန့်ရန် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article