29 C
Yangon

ဆိပ်ဖြူနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖာ်​ဝါရီ ၁၃

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ကပစ ၂၁ မှ တက်လာသော အကြမ်းဖက် စစ်တပ် ဒရုန်းများသည် ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းနဲ့ ဗုံးလာကျဲသွားတာပါ။ ပြည်သူ ၁ဦး သေဆုံးတယ်။ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်။ သေဆုံးသွားတဲ့ ပြည်သူ ၁ ဦးက အမည်နဲ့ အမျိုးသားလား အမျိုးသမီးလား မသိရသေးဘူး။ အသက်အရွယ်လည်း မသိရသေးဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက​ ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးသည် တောင်သာမြို့နယ် အရှေ့မြောက်ခြမ်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး ရှိမရှိကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေဆဲပါ။ ကျေးရွာတွေထဲက ပြည်သူတွေကတော့ ထွက်ပြေး တိမ်ရှောင်နေရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် တောင်သာမြို့နယ်အတွင်း မြေပြင်မှလည်း စစ်ကြောင်းနေ၍ လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article