ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက် ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နတ်တလင်းမြိုန့ယ်၊ တောင်ညိုမြို့သစ် အနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က တောင်ညိုမြို့သစ်ရှိ နေအိမ်များ၊ ဈေးတန်းများ အပါအဝင် ရွာသာကျေးရွာနှင့် ကွင်းစန်းကျေးရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက တောင်ညိုကွက်သစ်ဈေးတန်းကြီးကို မီးရှို့ပြီး အဲဘက်ကနေ ထွက်လာပြီး ရွာသာရွာကို မီးထပ်ရှို့တယ်။ အဲ့လိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာ PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး PDF တွေ နောက်ဆုတ်သွားတဲ့အခါ ကွင်းစန်းရွာကို ဆက်လက်ဝင်ရောက်ပြီး မီးထပ်ရှို့တာ နေအိမ် ၆ လုံးလောက်ရှိတယ်။ အားလုံးပေါင်း နေအိမ် ၃၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်။ တောင်ညိုကွက်သစ်ဈေးတန်းရယ်၊ ရွာသာရွာရယ်၊ ကွင်းစန်းရွာမှာရှိတဲ့ နေအိမ် ၃၀ လုံး လောက်ကို စစ်ခွေးတွေ မီးရှို့သွားတယ်” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အိမ်သုံးဆယ်ရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းစစ်ကြောင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် လက်ရှိချိန်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။






