25 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ၂ ရက်ဆက် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်နှင့် နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ၂ ရက်ဆက် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်ကြီးကျောင်နှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ ထုတ်ပြန်ချက်နှင့် Yesagyo Township Info Committee ပြောဆိုချက် အရ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီနှင့် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၈ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရေစကြိုမြို့နယ်၊ ရွာငယ်ကျေးရွာနှင့် ချစ်သူရွာ အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးသည် ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် မြင်းခြံဘက်မှ အကြမ်းဖက် စစ်တပ်က ပစ်လိုက်သော လက်နက်ကြီး ၁ လုံးသည် ရေလယ်ကျွန်းဒေသ ငတရော်ရွာ နှင့် ဝါဘိုးရွာ အကြား ကျရောက်‌ပေါက်ကွဲခဲ့ပြီး တောင်ယာ လုပ်ငန်းလုပ်ကိုင်နေသော ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် ရေစကြိုမြို့‌ပေါ်ရှိ အကြမ်းဖက် စစ်တပ်ကလည်း ရေလယ်ကျွန်းကျေးရွာများကို နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီး ၁ လုံး၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ချင်းယားရွာမှ ပြည်သူ ၁ ဦးထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁၂ နာရီခန့်တွင် စက်တပ်လေထီး ၁ စီးသည် ရေလယ်ကျွန်းဒေသ ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မိုးဖြူကျေးရွာမှ နေအိမ် ၁ လုံး၊ ငတရော်ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေက စိုးရိမ်ရတာတော့ မရှိဘူး။ စစ်ခွေးတွေက ရေစကြိုမြို့နယ်ထဲက ရွာတွေကို ဆက်တိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာများတယ်။ ဒဏ်ရာအခြေအနေတွေကတော့ မစိုးရိမ်ရဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ရေစကြိုမြို့နယ် အတွင်းရောက်ရှိနေသောကြောင့် လက်နက်ကြီး အန္တရာယ်နှင့် လေကြောင်း အန္တရာယ်၊ စစ်ရေး အန္တရာယ် သတိပြုနေထိုင်ကြရန် ရေစကြို ပကဖ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article