ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထင်းရှုးစခန်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက် ၁၁ လက်နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်မှ လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ခံစစ်ပြုလုပ်ထားသော ထင်းရှုးစခန်းကို လာရောက် တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထင်းရှုးစခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ စခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၁၁ လက်နှင့် ဒရုန်း ၁ စီးလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲတာက ဒီမနက် ဖလမ်းမြို့နယ် ထင်းရှုးစခန်းမှာ တိုက်ပွဲဖြစ်တာ အဲတာ ချင်းတပ်မတော်က လက်နက်ခဲယမ်းတွေ သိမ်းလာခဲ့ပါတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ နီးပါးနှင့် ကျည်ဘောက်များ၊ ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်ထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး Khuangli နှင့် Sumhrang ရွာတို့၌ တပ်စွဲထားပြီး ကလေးမြို့မှ စစ်ကူတက်လာသော စစ်ကြောင်းသည်လည်း သိုင်းငင်း-ဖလမ်း အကြားရှိ Tuphei ရွာအနီးတွင် ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရှိရသည်။




