25 C
Yangon

ဖားကန့်မြို့နယ် လုံးခင်းနယ်မြေရဲစခန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ မီးလောင်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းနယ်မြေရဲစခန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ မီးလောင်နေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ(ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ် မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်ကူအင်အားများနှင့် လက်နက်ကြီး ပစ်ကူမပေးရန် KIA ပူးပေါင်းတပ်များက ဖားကန့်မြို့အနီး ပတ်ဝန်းကျင်ရှိ စစ်တပ်တပ်စွဲထားသော နေရာများကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းရန် သတိပေးချက်ကြောင့် တိုက်ပွဲများ ခေတ္တခဏ ရပ်နားခဲ့ပြီး လုံးခင်းကျေးရွာအတွင်းရှိ ပြည်သူများ ရှောင်ရှားနိုင်ရန် KIA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်နယ်မှူးများ ကိုယ်တိုင် လိုက်လံသတိပေးခဲ့ကြောင်း၊ ယင်သို့ လိုက်လံ ပြောဆိုပြီးနောက် ယနေ့ ညနေပိုင်းတွင် လုံးခင်းနယ်မြေရဲစခန်း၌ ထပ်မံ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုညနေပိုင်း ၄ နာရီခွဲခန့်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း လုံးခင်းကျေးရွာ ပြည့်စုံကောင်း ထမင်းဆိုင် နောက်ကျောဝန်းအတွင်းရှိ တရုတ်စာသင်ကျောင်း ကလေးအဆောင်ပေါ် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ထမင်းစားနေသည့် ကလေးငယ် ၄ ဦးနှင့် လူကြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် လုံးခင်းနယ်မြေရဲစခန်းအနီးရှိ ငြိမ်းချမ်းသာယာ အပိုင်း ၂ ၊ အပေါ်ဈေးကုန်းရှိ နေအိမ်များ အပါအဝင် ရဲစခန်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ မီးလောင်နေခြင်းဖြစ်ပြီး မီးငြှိမ်းသတ် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့မနက် ၂ နာရီလောက်ကတည်းစပြီး ဖားကန့်နားမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေရှိတဲ့နေရာတွေ အကုန်လုံးကို ပစ်တာပေါ့။ အဓိကကတော့ ဖားကန့် ကနေ လက်နက်ကြီး ပစ်ကူတွေမပေးနိုင်အောင် စစ်ကူလာနိုင်တဲ့ လမ်းကြောင်းတွေ မလာနိုင်အောင် တားတဲ့သဘောပဲ။ တိုက်ပွဲအဓိက ဖြစ်နေတာကတော့ လုံးခင်းရဲစခန်းမှာ ဖြစ်နေတာ မနက်က ၇ နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်တယ်။ လေကြောင်းရန် သတိပေးချက်တွေကြောင့် နားလိုက်တာထင်တယ်။ အခုညနေပိုင်းတော့ တိုက်ပွဲ ပြန်ဖြစ်နေတယ်။ အခုထိလည်း ပစ်နေတုန်းပဲ မြောက်ကုန်းဘက်က ယမ်းချက်ဘက်ကတော့ လက်နက်ကြီးပစ်ကူတွေပေးနေတယ်။ နေအိမ်တွေပေါ် လက်နက်ကြီးကျလို့ လုံးခင်းရဲစခန်းဘေးက နေအိမ်အချို့မီးလောင်နေတယ်။ မီးလောင်တာ နည်း နည်းတော့ကြာနေပြီ။ နေအိမ်မီးလောင်နေတာတော့ တွေ့တယ်။ ဘယ်နှစ်အိမ်လည်းဆိုတာတော့ မမြင်ရဘူး။ မီးခိုးပဲမြင်ရတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article