33 C
Yangon

ကမာရွတ်မြို့နယ်တွင် နယ်ထိန်း ဒုတပ်ကြပ် စိုးမင်းပိုင်နှင့် လူမိုက်များက စစ်မှုထမ်းအကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးငွေညှစ်နေပြီး တိုင်ကြားသော်လည်း အရေးယူမှုမရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်အချို့နှင့် ၎င်းတို့မွေးမြူထားသော ဒလန်လူမိုက်များမှာ စစ်မှုထမ်းဥပဒေကို အသုံးချကာ လမ်းသွားလမ်းလာ လူငယ်များကို မတရားဖမ်းဆီး ငွေညှစ်ခြင်းနှင့် အဂတိလိုက်စားမှုများကို ဗြောင်ကျကျ ကျူးလွန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ကမာရွတ်မြို့နယ်ရဲစခန်း၊ နယ်ထိန်း ၃ အဖွဲ့မှ ဒုတပ်ကြပ် စိုးမင်းပိုင် ဦးဆောင်သော အဖွဲ့သက ရဲအယောင်ဆောင်ထားသည့် သတင်းပေးများ၊ဒလန်လူမိုက်များနှင့်အတူ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း၊ လမ်းသွားလမ်းလာ လူငယ်များကို “စစ်မှုထမ်းစာရင်း ပါသည်” ဟု အကြောင်းပြခြင်း၊ “ဖုန်းထဲတွင် မသင်္ကာစရာ တွေ့သည်” ဟု လုပ်ကြံဖန်တီး၍ လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်ကြောင်း၊ ထို့နောက် ရဲစခန်းသို့ မခေါ်ဘဲ လမ်းတွင်ပင် လူငယ် ၁ ဦးလျှင် ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ ပေးဆောင်ပါက ပြန်လွှတ်ပေးမည်ဟုဆိုကာ ပေါ်တင် ငွေညှစ်နေကြကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီ နာနတ်တောကုန်းတံတားဘက်မှာ အလုပ်က ပြန်လာတဲ့ သားဖြစ်သူကို အရပ်ဝတ်တွေ ဖမ်းပါတယ်။ ကမာရွတ်စခန်းကလို့တော့ ပြောတယ်။ စစ်မှုထမ်း ပေါ်တာဆွဲတာဆိုပြီး တက္ကစီပေါ် ဆွဲတင်တယ်။ အဲဒါ ကလေးက အိမ်ကို ဖုန်းဆက်လာတယ်။ အရိုးဆေးရိုးနားကို လာဖို့ ငွေလာပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ခေါ်လို့ ၁၄ သိန်းနဲ့ ကလေးကို သွားရွေးလိုက်ရတယ်” ဟု ဖမ်းဆီးလူငယ် ၁ ဦး၏ ဦးလေးဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အပြင် အဆိုပါ နယ်ထိန်းအဖွဲ့က ဆေးရောင်းသူများ၊ ဖဲဒိုင်များနှင့် အွန်လိုင်းလောင်းကစား ဒိုင်များထံမှ လစဉ်ကြေးယူကာ အကာအကွယ်ပေးထားပြီး၊ ထိုဒုစရိုက်သမားများကိုပင် သတင်းပေး (Informer) အဖြစ် ပြန်လည်အသုံးပြုနေကြောင်း သိရှိရသည်။

“တကယ်ဆေးရောင်းတဲ့သူတွေ၊ လောင်းကစားဒိုင်တွေကိုတော့ သူတို့က ပိုက်ဆံယူပြီး လွှတ်ထားတယ်။ သာမန်အရက်ဝယ်လာတဲ့သူ ဒါမှမဟုတ် လမ်းဘေးမှာ ထိုင်နေတဲ့ လူငယ်တွေကိုကျတော့ ဝိုင်းဖမ်းပြီး ပုဒ်မတပ် ငွေညှစ်တယ်” ဟု ကမာရွတ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နယ်ထိန်း စိုးမင်းပိုင်နှင့်အဖွဲ့၏ ငွေညှစ်မှုများ မဟုတ်မမှန် လုပ်ကြံ ဖမ်းဆီး အနိုင်ကျင့်မှုများကို ကမာရွတ်မြို့နယ်ရဲမှူးနှင့် ခရိုင်ရဲမှူးကြီးများထံ တိုင်ကြားသော်လည်း ထိရောက်သည့် အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နယ်ထိန်းရဲများမှာ အထက်အရာရှိများအတွက် အဓိက ငွေရှာပေးနေသူများဖြစ်သောကြောင့် အရေးယူခြင်းမရှိဘဲ လျစ်လျူရှုထားခြင်းဖြစ်နိုင်ကြောင်း ဒေသပြည်သူများက သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လက်နက်ကိုင် သွားလာနေသော အရပ်ဝတ်ရဲနှင့်စစ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article