33 C
Yangon

ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းတိုက်ပွဲအတွင်း စစ်တပ်က ရပ်ကွက်များနှင့် ဘုရားကျောင်းတို့ကို လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ရပ်ကွက်များနှင့် ဘုရားကျောင်းတို့ကို လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ (ခ) ခွန်ဆာကုန်းရှိ လုံးခင်းနယ် မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားစဉ် ယမန်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာ ရပ်ကွက် အပိုင်း ၂ ထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁ လုံး ထိမှန်ကာ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆိုင်းတောင်ရွာဟောင်းသွားသည့် လမ်းပိုင်းရှိ ဂျန်ကပ် RC ခရစ်ယာန် ဘုရားကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဘုရားကျောင်း အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ တိုက်ပွဲကတော့ ငြိမ်နေတယ်။ ရဲစခန်းကတော့ မရသေးဘူး။ ဝိုင်းနိုင်တဲ့ အခြေအနေပဲရှိသေးတယ်။ မနေ့ကတော့ စစ်ခွေးတွေ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ တိုက်ခိုက်လို့ ပြည်သူ အမျိုးသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိပါတယ်။ မနေ့ကတော့ တိုက်ပွဲက ညပိုင်းထိ ပြင်းထန်ခဲ့တယ်။ ပြည်သူတွေလည်း အကုန်စစ်ရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်ကလည်း လုံးခင်းကျေးရွာ ပြည့်စုံကောင်း ထမင်းဆိုင် နောက်ကျောဝန်းအတွင်းရှိ တရုတ်စာသင်ကျောင်း ကလေးအဆောင်ပေါ် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ထမင်းစားနေသည့် ကလေးငယ် ၄ ဦးနှင့် လူကြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် လုံးခင်းနယ်မြေရဲစခန်းအနီးရှိ ငြိမ်းချမ်းသာယာ အပိုင်း ၂ ၊ အပေါ်ဈေးကုန်းရှိ နေအိမ်များ အပါအဝင် ရဲစခန်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ မီးလောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article