ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ နွားထိုးကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်၊ ငှက်ပျောအိုင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့သောကြောင့် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကြောင်းသည် သာပေါင်းရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၄၀ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း စစ်ကြောင်းက ကဒေါင်းကျေးရွာ၌ ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းရှိ နေအိမ် ၈၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းသည် ညောင်ဇင်ကျေးရွာကို ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်တန်းရွာ၊ ဖောင်ချင်းရွာ၊ နဘူးတောရွာ၊ ဆူဖြူကုန်းရွာ၊ ကံဦးရွာ၊ ဂျက်တွင်းရွာတို့၌ စစ်ကြောင်းများဖြန့်ကျက်ကာ တပ်စွဲထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် နဘူးတောရွာမှ အမျိုးသား ၂ ဦးကိုလည်း ထမင်းချက်အဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
“နွားထိုးကြီးမြို့ပေါ်ကနေ ခွေးအင်အား ၁၀၀ ခန့်နဲ့ထွက်လာတဲ့ ခွေးစစ်ကြောင်းက စစ်ကြောင်းထိုး ရွာတွေကို ဆက်တိုက် မီးရှို့တာသွားတာ။ ငှက်ပျောအိုင်ရွာကို ၂ လပိုင်း ၁ ရက်နေ့က စပြီးစစ်ကြောင်းထိုးပြီး မီးရှို့တာ နေအိမ် ၁၀ လုံးခန့်ပြာကျတယ်။ ခွေးတွေက မီးရှို့ပြီးပြန်ထွက်သွားတော့လည်း နင်းမိုင်းတွေထောင်ထားခဲ့တာ ခဏခဏကွဲတယ်။ ရွာထဲအခြေအနေပြန်ကြည့်ကြတာ နင်းမိုင်းနင်းမိလို့ အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်ပြီး ဒဏ်ရာပြင်းထန်ရသွားတယ်။ အဲ့ခွေးစစ်ကြောင်းက သာပေါင်းရွာကို ၂ လပိုင်း ၂ ရက်မှာ ဆက်ဝင်ပြီးမီးရှို့တာ နေအိမ် ၄၀ ကျော်ပြာကျသွားတယ်။ အဲ့ကနေပြီးတော့ ကဒေါင်းရွာကို ၂ လပိုင်း ၃ ရက်နေ့မှာ ရောက်ပြီး အဲ့ရွာမှာပဲ တပ်စွဲထားတာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့တာ နေအိမ် ၈၀ ကျော်ပြာကျတယ်။ ၁၁ ရက်နေ့မှာ မနက်ပိုင်းမှ ညောင်ဇင်ဘက်ကိုထွက်သွားတာပါ။ လက်ရှိမှာ ခွေးစစ်ကြောင်းက ကျောက်တန်း၊ ဖောင်ချင်း၊ နဘူးတော၊ ဆူဖြူကုန်း၊ ကံဦး၊ ဂျက်တွင်းရွာတွေမှာ တပ်ဖြန့်ပြီးနေတယ် ရွှေ့လျားမှုမရှိသေးဘူးလို့ကြားတယ်။ နဘူးတောရွာက ပြည်သူ အမျိုးသား ၂ ဦးကိုပဲ ထမင်းချက်ဆိုပြီး ဖမ်းသွားတာ အခုထိပြန်မလွှတ်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် သာပေါင်းရွာ၊ ငှက်ပျောအိုင်ရွာ၊ ကဒေါင်းရွာ၊ ဒေါင်းဦးရွာနှင့် ညောင်ဇင်ရွာမှ ပြည်သူ ၆၀၀၀ ခန့်သည် ဘေးလွတ်ရာကို တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။






