ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ခုကို ဝင်ရောက်စီးနင်းပြီး သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးကာ ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရွာငံမြို့နယ်ရှိ ကျေးရွာများ ၅ ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သံဃာတော်များပါအဝင် ပြည်သူ ၂၀ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများသည် အသက် ၂၅ နှစ်အရွယ်နှင့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားဖြစ်ကာ သံဃာတော်များလည်း ပါဝင်ကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးခံရသော လူငယ်များမှာ နွားဘန်းကြီးကျေးရွာ ၊ အင်တောကျေးရွာနှင့် ရေချမ်းကျေးရွာမှ ဖြစ်ပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားသူများကို ရွာငံမြို့ပေါ်ရှိ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကာ မိသားစုဝင်များက ငွေကျပ် ၁၀ သိန်းဖြင့် သွားရောက်ရွေးထုတ်နေရကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ရွာငံမြို့နယ်ထဲမှာ အကြောင်းမဲ့ဖမ်းဆီးပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတာတွေလည်းရှိသလို သူတို့တက်ချင်တဲ့ ပုဒ်မတတ်ပြီး ဖမ်းဆီးသွားတာတွေလည်းရှိနေတယ်။ သင်္ကန်းဝတ်ဉူးဇင်းတွေပါ ဖမ်းပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတာတွေပါလုပ်နေပါတယ်။ ကျွန်တော်သိရသလောက်တော့ အင်တောရွာက ၂ ဦး ၊ ရေချမ်းရွာက ၂ ဦး၊ တခြားရွာတွေမှာတော့ လူများစုကိုဖမ်းပြီး ပြန်ရွေးခိုင်းတယ်လို့သိရတယ်။ စစ်ခွေးတွေ ဖမ်းဆီးတာ အားလုံးဆိုရင်တော့ ပြည်သူ ၂၀ကျော်လောက်ရှိမယ်။ တချို့ကတော့ ပိုက်ဆံနဲ့ပြန်ရွေးခိုင်းလို့ လွတ်လာတာတွေရှိတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
ရွာငံမြို့နယ် အတွင်းရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးပြီ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေခြင်းကြောင့် နေရပ်စွန့်ခွာသူ ပိုမိုးများပြားလာကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




