ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း သာကေတမြို့နယ် ၈ ရပ်ကွက်တွင် စစ်တပ်က မဘသနှင့် အမျိုးသားရေးအစွန်းရောက် တင်ဌေးအောင် (ခ) အကြီးကောင်ကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ရပ်ကွက်အတွင်း စစ်မှုထမ်းရန် လူစုဆောင်းခြင်း၊ ပေါ်တာဆွဲမှုများနှင့်ငွေညှစ်မှုများ အလွန်ဆိုးရွားလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒေသပြည်သူများ၏ အဆိုအရ အုပ်ချုပ်ရေးမှူး တင်ဌေးအောင်က အုပ်ကြီးဖြစ်လာပြီးနောက် စစ်တပ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများကို အကြီးအကျယ်လုပ်ဆောင်လာကြောင်း၊ စစ်တပ်ခိုင်းစေသမျှအားလုံးကို တသွေမတိမ်း လိုက်ပါ လုပ်ဆောင်နေပြီး ပြည်သူများကို ရွေးကောက်ပွဲ မဲထည့်ရန် ဖိအားခြင်း၊ ပြည်ထောင်စုနေ့ နေအိမ်တိုင်း နိုင်ငံတော်အလံလွှင့်ထူခိုင်းခြင်းအပါအဝင် စစ်တပ်အလိုကျ လုပ်ရပ်မှန်သမျှကို ခြိမ်းခြောက် ဖိအားပေး ခိုင်းစေနေကြောင်း သိရှိရသည်။
“အကြီးကောင် အုပ်ကြီးဖြစ်လာတော့ ပြည်သူတွေမှာ စစ်မှုထမ်းကြေးဆို လစဉ် ငွေသောင်းဂဏန်းပေးရတယ်။ ရပ်ကွက်ထဲမှာ လူငယ်လူရွယ်ဆိုရင်လည်း အကုန်ဆွဲတယ်။ လမ်းပေါ်တွေမှာလည်း သူတို့ အဖွဲ့က အိမ်စီးကားတွေနဲ့ လူငယ်တွေကို လိုက်ဖမ်းတယ်။ ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ လူမပြည့်လို့ ဧည့်စာရင်း စစ်မယ်ဆိုပြီး အိမ်ပေါ် ခြင်ထောင်လှန်ပြီးတော့ လူငယ်တွေကို တက်ဖမ်းနေတာ။ စစ်တပ်က နည်းနည်းလုပ်ခိုင်းရင် အဲဒီအကြီးကောင်က ခပ်များများလုပ်နေတာ။ လူမိုက်အုပ်စုလို အုပ်စုဖွဲ့ သွားလာနေတဲ့အပြင် ပြည်သူလူထုကို အတော်ကို အနိုင်ကျင့်နေတာ” ဟု သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် သာကေတမြို့နယ် ၈ ရပ်ကွက်ရှိ စျေးဆိုင်များ၊ လုပ်ငန်းများ၊ စတိုးဆိုင်နှင့် လုပ်ငန်းများကိုလည်း အုပ်ချုပ်ရေးမှူး တင်ဌေးအောင်(ခ) အကြီးကောင်နှင့်အဖွဲ့က အကြောင်းအမျိုးမျိုးပြ ငွေညှစ်များ လုပ်ဆောင်နေပြီး ယင်းသို့ငွေညှစ်မှုများတွင် ထွေအုပ်စာရေးမ ချယ်ရီခင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းသိန်းအေး၊ ယာယီအုပ်ချုပ်ရေးမှူးဟောင်း မြတ်ကိုကိုစိုး (ခ) မြတ်ကို၊ သိန်းလွင် (ခ) သူကြီး၊ ကျော်ဇင်ဝင်းနှင့် အောင်ကိုတို့က ပါဝင် ငွေညှစ် မိုက်ကြေးခွဲလေ့ရှိကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲနှင့် စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၀ကျော်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲအတွင်း စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၀ ဦးကို ၂ ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးထားသူများကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။
“စစ်ခွေးတွေ ၂ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးတာ လူငယ် ၃၀ ကျော် ပါသွားတယ်။ ဈေး ရောင်းပွဲနဲ့ စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်တွေကို စစ်ခွေးတွေက စောင့်ပြီး ပေါ်တာဆွဲဖမ်းသွားတာ။ ငွေနဲ့ရွေးတာလည်းမရဘူး။ လူငယ်တွေကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ထဲမှာ ဖမ်းဆီးထားတယ်” ဟု ဒေသပြည်သူများကပြောဆိုသည်။
မုံရွာမြို့ ပေါ် ပြည်သူ့ ဥယျာဉ်ဈေးရောင်းပွဲတော်ကို အကြမ်း ဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၂ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၇ရက်နေ့အထိ ၆ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၂ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှ မဘသနှင့်အမျိုးသားရေးအစွန်းရောက် အုပ်ချုပ်ရေးမှူး တင်ဌေးအောင်(ခ) အကြီးကောင်နှင့်အဖွဲ့ ။






