28 C
Yangon

ကျောက်ဖြူမြို့နယ်၊ ဝမြောင်ရွာနှင့် ငါးအုပ်ရွာကို စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဝမြောင်ရွာနှင့် ငါးအုပ်ရွာကို စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြောင်း ရခိုင်ဒေသမှ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ဘက်ရှိ အကြမ်း ဖက် စစ်တပ်စခန်းက ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်လည်းကောင်း၊ ကျောက်ဖြူ ပင်လယ်ပြင်ရှိ စစ်ရေယာဉ်က လက်နက်ကြီးများဖြင့် ဝမြောင်ကျေးရွာအတွင်းသို့ လည်းကောင်း ပစ်ခတ်မှုကြောင့် ဝမြောင်ကျေးရွာနေ အသက် ၅ နှစ်အရွယ် မခင်ထက်ထက်စိုးနှင့် အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းဝေတို့ ၂ ဦး သေဆုံးသွားခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပင် ကျောက်ဖြူမြို့နယ်၊ ငါးအုပ်ကျေးရွာသို့လည်း ပင်လယ်ပြင်တွင် ရှိသော အကြမ်းဖက် စစ်တပ် ရေတပ်သင်္ဘောက လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည့်အပြင် အသေခံဒရုန်းများဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ငါးအုပ်ကျေးရွာမှ ပြည်သူ ၄ ဦး ဒဏ်ရာရရှိကာ နွား ၁ ကောင် ထိခိုက်ခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ကြောင်း၊ ထိုသို့ အရပ်သားပြည်သူများ နေထိုင်သောကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ဝမြောင်နဲ့ ငါးအုပ်ရွာကို ရှေ့တန်း မင်းပြင်ဘက်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်တယ်။ ဝမြောင်ကမ်းခြေဘက်က ခွေးသင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်လို့ ဝမြောင်ရွာက အသက် ၅ နှစ်အရွယ် မခင်ထက်ထက်စိုးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းဝေတို့ ၂ ဦး သေဆုံးတယ်။ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်၊ နေအိမ် ၃ လုံး ပျက်စီးသွားတယ်။ ငါးအုပ်ရွာကိုလည်း ငါးအုပ်အောက်နှင့် ကျောက်ကလေးရွာအောက်ဘက်က ပင်လယ်ပြင်မှာ ရှိနေတဲ့ ရေတပ်သင်္ဘောက လက်နက်ကြီးနဲ့ ၁၀ ကြိမ်ပစ်တာ ပြည်သူ ၄ ဦး ဒဏ်ရာရရှိသွားပြီး နွား ၁ ကောင်ထိတယ်၊ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားတယ်။ ထပ်ပြီးတော့လည်း အသေခံဒရုန်းနဲ့လည်း လာချသွားသေးတယ်။ ဒီဘက်မှာက ဒေသခံအရပ်သားတွေပဲရှိတဲ့နေရာပါ၊ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း ဝေးတယ်။ အဲ့ဒါကို စစ်ခွေးတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာပါ” ဟု စစ်ဘေးရှောင်ကူညီရေးကွန်ရက်တစ်ခုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article