ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ပြီး ထားဝယ်မြို့ အနီးရှိ မောင်မယ်ရှောင်ရွာတွင်အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် လေယာဉ် ၂ စီးဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။
ထို့ပြင် ထားဝယ်မြို့ပေါ်မှ စစ်ကူ အင်အား ၂၀၀ ကျော်သည်လည်း စစ်ကားများဖြင့် မောင်မယ်ရှောင်ရွာဘက်ကို တက်သွားကြောင်း၊ လက်ရှိချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ် ပေါက်ကွဲသံများလည်း ဆက်တိုက် ထွက်ပေါ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများ ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် မောင်မယ်ရှောင်အနီးရှိ ကျေးရွာများမှ ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မောင်မယ်ရှောင်ရွာမှ ပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရသည်မှာ နှစ်ချီကြာမြင့်နေပြီးဖြစ်ပြီး ရွာထဲ၌ စစ်သားများသာ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
“ထား၀ယ်မြို့အနီးက ကမောင်မယ်ရှောင်ရွာမှာ စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်။ လေယာဉ်နဲ့လည်းဗုံးကျဲသွားတယ်။ တိုက်ပွဲက နံနက် ၆ နာရီလောက်ကတည်းက ဖြစ်နေတာ လက်နက်ကြီးသံတွေလည်း ဆူညံနေတယ်။ မောင်မယ်ရှောင်ရွာက ရွာလုံးကျွတ်ပြေးနေရတာ နှစ်နဲ့ချီပြီ တိုက်ပွဲအတွင်းမှာလည်း စစ်ခွေးတွေ အထိနာလို့ လေယာဉ် ၂ စီး က တပြိုင်တည်း ဗုံးကျဲသွားတယ်။ စက်လက်တွေနဲ့လည်း ပစ်ခတ်သွားတယ်။ နီးစပ်ရာ ပြည်သူတွေကတော့ ရှောင်နေရတယ်။ နောက်ပြီး ထားဝယ်မြို့ပေါ်က စစ်ခွေး အင်အား ၂၀၀ လောက်ကလည်း မောင်မယ်ရှောင်ရွာကို စစ်ကူတက်သွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းထိမှန် ပျက်စီးသွားကြောင်း သိရသည်။




