28 C
Yangon

စစ်တပ်လက်အောက်ခံ PNO ဗိုလ်ကြီး ခွန်မောင်ကို (ခ) ခွန်လရောင် ဗန်းမတ်ရွာသစ်အနီး တိုက်ပွဲတွင် သေဆုံး၊ သေဆုံးသူ ဗိုလ်ကြီးမှာ စစ်တပ်ထောက်ခံပွဲများအတွက် တာဝန်ယူ လူစုရသော တာဝန်ခံတစ်ဦးဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပအိုဝ်းပြည်သူများအပေါ် ဖိနှိပ်နေသည့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီး ခွန်မောင်ကို (ခ) ခွန်လရောင်မှာ ဗန်းမောက်ရွာသစ်အနီး တိုက်ပွဲတွင် သေဆုံးသွားကြောင်း ပအိုဝ်း ပြည်သူ့စစ်နှ့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမတ်ရွာသစ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်နေသူ ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဗိုလ်ကြီး ခွန်မောင်ကို (ခ) ခွန်လရောင် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူ ဗိုလ်ကြီး ခွန်မောင်ကိုမှာ တောင်ကြီးမြို့ပေါ်တွင် စစ်တပ်ထောက်ခံပွဲများ၊ PNO အင်အားပြပွဲများအတွက် လူစုရခြင်း၊ သွားလာရေးနှင့် ငွေကြေးဆိုင်ရာ စီစဉ်ရသူများတွင် တစ်ဦး အပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

“အဲဒီ သေဆုံးသွားတဲ့ ဗိုလ်ကြီးက တောင်ကြီးမြို့ပေါ်မှာ တပ်မတော်ထောက်ခံပွဲ၊ MNDAA ရှုတ်ချပွဲတို့ကို ဦးစီးပြီး လူစုရတဲ့ ဗိုလ်ကြီး။ သွားလာရေးနဲ့ ငွေကြေးဆိုင်ရာလည်း စီစဉ်ရသူတွေထဲမှာ ပါတယ်။ သေဆုံးတာကလည်း ရှေ့တန်းအတွက် သွားပြီး စီစဉ်ပေးရင်းနဲ့ သေဆုံးတာ။ တိုက်ပွဲ ဝင်တိုက်တာထက် လိုအပ်တာတွေ သွားစီစဉ်ရင်း သေတာ” ဟု PNO နှင့်နီးစပ်သော ပအိုဝ်းသတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသူ ဗိုလ်ကြီး ခွန်မောင်ကိုမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ၎င်းသည် မသေဆုံးမီက ပအိုဝ်းလူငယ်တချို့ကို အတင်းအကျပ် စစ်မှုထမ်းရန် ဖမ်းဆီးရာတွင်လည်း ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ပအိုဝ်းသတင်းရင်းမြစ်က PNO ပြည်သူ့စစ်များအနေဖြင့် လွှတ်တော်အမတ်လောင်းနေရာများ ရရှိရန် ပအိုဝ်းပြည်သူများ၏ ထောက်ခံမှုကို ရယူခဲ့ကြသော်လည်း ရာထူးနေရာရရှိလာချိန်တွင် ပြည်သူ့ကျေးဇူးကို ထောက်ထားခြင်းမရှိဘဲ မြေယာနှင့် နေအိမ်များ သိမ်းဆည်းခြင်း၊ ဒေသခံများ ပိုင်ဆိုင်သည့် မြေယာများနှင့် အိမ်များကို အတင်းအဓမ္မ သိမ်းဆည်းမှုများ ပြုလုပ်ခြင်း၊စစ်ရှောင်အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်ပအလှူရှင်များက စစ်ဘေးရှောင်များအတွက် ဆောက်လုပ်လှူဒါန်းထားသည့် အိမ်ခြေ ၁၆ အိမ်ကို မကြာသေးမီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ့စစ်PNO ၏ လုပ်ရပ်များအပေါ် ဝေဖန်ပြောဆိုသူများကိုလည်း လက်နက်အားကိုးဖြင့် သတ်ဖြတ်ခဲ့မှုများလည်းရှိကြောင်း သိရှိရသည်။

“အဲဒီ ဗိုလ်ကြီးက ပြည်တွင်းကနေ ပြောရင် သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်တယ်။ ပြည်ပကနေ ဝေဖန်ရင်လည်း လူကိုမမိရင် မိဘတွေကို လိုက်လံခြိမ်းခြောက်တာမျိုးတွေ လုပ်တယ်” ဟု ပအိုဝ်းဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယခင်ကလည်း ပအိုဝ်းအဆိုတော်တစ်ဦးက PNO ၏ လုပ်ရပ်များကို ဝေဖန်ခဲ့ရာ သေနတ်ဖြင့် လိုက်လံခြိမ်းခြောက်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း ၊ ယခုကဲ့သို့ PNO ဗိုလ်ကြီးခွန်မောင်ကို တိုက်ပွဲအတွင်း သေဆုံးသွားခြင်းမှာ ဖိနှိပ်ခံနေရသည့် ပအိုဝ်းပြည်သူများအတွက် တရားမျှတမှု တစ်စုံတစ်ရာ ရရှိသကဲ့သို့ ခံစားနေကြရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article