ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမည့် မတ်လအတွင်း စတင်မည့် ပြည်ထောင်စု လွှတ်တော်တွင် အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို အကြမ်းဖက် စစ်ခေါင်းဆောင်ကသာ တိုက်ရိုက်ကိုင်တွယ်နေပြီး ကြံ့ဖွတ်ပါတီအတွင်း မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ် တော် အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိပြီးနောက် သမ္မတနှင့် အစိုးရအဖွဲ့ဖွဲ့စည်းရန် လုံလောက်သော အမတ်အရေအတွက် ရရှိထားကြောင်း၊ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီ ဗဟိုကော်မတီအတွင်း အစိုးရသစ်ဖွဲ့စည်းရေးအတွက် မည်သည့် ဆွေးဆွေးမှုမှ မရှိကြောင်း၊ သမ္မတ ရွေး ချယ်ရေး၊ လွှတ်တော်ဥက္ကဋ္ဌများ ခန့်ထားရေး၊ ဝန်ကြီးများနှင့် ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ရွေးချယ်ရေး အစရှိသည့် အစိုးရသစ်ပေါ်ထွန်းရေးကိစ္စများအားလုံးကို အကြမ်း ဖက် စစ်ခါင်းဆောင် မင်းအောင်လှိုင်က တစ်ဦးတည်းကသာ တိုက်ရိုက် ကိုင်တွယ်စီမံနေကြောင်း သိရှိရသည်။
“ပါတီဘက်မှာ အစိုးရသစ်ဖွဲ့စည်းရေး ဘာမှ စည်းဝေးတိုင်ပင်တာမရှိဘူး။ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေး ခေါ်တာလည်းမရှိဘူး။ ဗဟိုကော်မတီ အစည်းအဝေး ခေါ်တာလည်းမရှိဘူး။ ဘာဆိုဘာမှ မရှိပါဘူး။ တပ်ချုပ်ကြီးကပဲ အားလုံးစီမံမယ်လို့ ယူဆရပါတယ်။ ပါတီအတွင်းမှာ အစိုးရ သစ်ဖွဲ့စည်းရေး တိုင်ပင်ဆွေးနွေးတာ အခုထက်ထိ လုံး၀(လုံး၀) မရှိပါဘူး။” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။
ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီနှင့် မင်းအောင်လှိုင်အကြား အစိုးရသစ်ဖွဲ့စည်းရေး ဆွေး နွေးတွေ့ဆုံမှုများရှိသည်ဆိုသော သတင်းများမှာလည်း အပြည့်အ၀ မှန်ကန်ခြင်းမရှိဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလိုချင်သည့် ကြံ့ဖွတ်ပါတီမှ အမတ်များ၏ အချက်အလက်များ၊ ကိုယ်ရေးအကျဉ်းများကိုသာ တောင်းယူခြင်းသာဖြစ်ပြီး မည်သည့်ဆွေးနွေးမှုမှ မရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“ဥက္ကဋ္ဌ ဦးခင်ရီတောင် သူ ဘာလုပ်ရမလဲ၊ ဘာရာထူးရမလဲဆိုတာ သိသေးပုံမရဘူး။ ဘယ်သူ ဘာလုပ်ရမယ်ဆိုတာ ဦးမင်းအောင်လှိုင်ကလွဲရင် ဘယ်သူမှ သိခွင့်မရသေးတာပဲ။ ဦးခင်ရီနဲ့ တပ်ချုပ်က ဆွေး နွေးတယ်ဆိုတာ မဟုတ်ဘူး။ ဆွေးနွေးတဲ့အဆင့်မဟုတ်ဘူး။ ဟိုက လိုအပ်တာ လှမ်းတောင်းတာ။ ဆွေးနွေးတယ်ဆိုတာ မဟုတ်ဘူး” ဟု ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်ဖွဲ့စည်းအာဏာလွှဲပြောင်းမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။




