28 C
Yangon

ရေစကြိုရှိ သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ ပစ္စည်းများကို ခိုးယူသွား၊ တောင်သာရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲမှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ သမန္တပို့ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ ပစ္စည်းများကို ခိုးယူသွားကြောင်း Yesagyo Township Info Committee အဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြို့မြို့တောင်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာလာပြီး ၂၅၈ တပ်ရင်းမှ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် သမန္တပို့ရွာ တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းတို့ စိတ်ကြိုက် ခိုးယူသွားကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက သမန္တပို့ရွာထဲကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားတာ နောက်ပြီး နေအိမ်တွေလည်း မီးရှို့သွားလို့ သိရပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးစစ်ကြောင်းက ပြန်ဆုတ်သွားသလို ရှိသေးသလိုနဲ့ ပြောနေကြတော့ ဘယ်သူမှ မပြန်ရဲသေးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်ရှိ ပဲခင်းကျော်ရွာနှင့် မကျီးပင်ရွာ အကြားရှိ တောထဲကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

“တောင်သာနယ်ထဲမှာ စစ်ခွေးတွေက မြေပြင်ကလည်း စစ်ကြောင်းထိုးတယ်။ ရွာတွေကိုလည်း ဆက်တိုက်ဗုံးကျဲတာတွေလုပ်ဆောင်နေပါတယ်။ စစ်ခွေးတွေ ဗုံးကျဲလို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဒဏ်ရာအခြေအနေတော့ မစိုးရိမ်ရပါဘူး။ ခွေးစစ်ကြောင်းကလည်း အခုထိ ထိုးနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ယနေ့ ညနေ ၅ နာရီကျော်ခန့်တွင် အောင်သာရွာကို ရောက်ရှိနေပြီး ကျေးရွာဘုန်းကြီးကျောင်းအတွင်း၌ တပ်စွဲထားကြောင်း သိရသည်။

ဓာတ်ပုံ – တောင်သာမြို့နယ် အတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော အဆောက်အဦးများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article