28 C
Yangon

တနင်္သာရီနှင့် ထားဝယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ယနေ့ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ နတ်တလင်းတိုက်ပွဲတွင် စစ်သား ၂၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ထားဝယ်မြို့နယ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ယနေ့ ညနေပိုင်းထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ထားဝယ် နည်းပညာတက္ကသိုလ်နှင့် မောင်မယ်ရှောင်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ယနေ့ ညနေပိုင်းထိ တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း သိရှိရသည်။

ထို့ပြင် ဇဟာရွာရှိ အမြောက်တပ်ရင်းကလည်း တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် အလုံးရေ ၁၀၀ ခန့် ပစ်ကူပေးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ထားဝယ်မြို့နှင့် ၈ မိုင်ခန့်အကွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နယ်မြေအတွင်း ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း၊ ထို့ပြင် မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ကျေးရွာများမှာ ပြည်သူ ၁၀၀၀ ခန့်သည်လည်း စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ ရန်ကုန်-ထားဝယ် အမှတ် ၈ လမ်းပိုင်း တွင်လည်း တိုက်ပွဲကြောင့် သွားလာသူများ မရှိကြောင်း သိရသည်။

“မနက်ကတော့ စစ်ခွေးတွေ တပ်ကူတက်သွားတာတွေရှိတယ်။ ခွေးတွေဘက်က တော်တော်လေးအထိနာလို့ တိုက်လေယာဉ် ၂ စီးနဲ့ တစ်ပြိုင်နက်ထဲ ဗုံးကျဲသွားတာ။ ခွေးတွေဘက်က သေဆုံးတာနဲ့ ဒဏ်ရာရတာ တော်တော်များလို့ အဲ့လိုလေယာဉ်တွေနဲ့လာပြီး ဗုံးကျဲတာ။ မောင်မယ်ရှောင်ရွာနားမှာ တိုက်ပွဲဖြစ်တော့ အဲ့ရွာနားတွေကို ဗုံးကျဲသွားတာ။ အဓိကကတော့ နည်းပညာတက္ကသိုလ်မှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ ခွေးတွေနဲ့ ဖြစ်တာလို့ကြားတယ်။ ထားဝယ်မြို့ပေါ်က စစ်ကူတွေလည်း အခုဆိုရင် မောင်မယ်ရှောင်ရွာဘက် ရောက်နေလောက်ပြီ။ လက်နက်ကြီးမျိုးစုံကိုလည်း တစ်နေကုန်ပစ်တာ အလုံး ၁၀၀ ခန့် ရှိတယ်။ ဇဟာရွာ အမြောက်တပ်ဘက်ကနေ ပစ်ကူပေးတာပါ။ လက်ရှိမှာ မောင်မယ်ရှောင်ရွာက ပြည်သူတွေမရှိတော့ဘူး၊ အခုတိုက်ပွဲဖြစ်တော့ လူသူမရှိတဲ့ ရွာပျက်ကြီးလို ဖြစ်နေတာ။ တိုက်ပွဲဖြစ်တဲ့နေရာ အနားနီးမှာရှိတဲ့ ၅ ရွာလောက်က ပြည်သူ ၁၀၀၀ ခန့် ရှောင်ပြေးနေရတယ်။ ရန်ကုန်-ထားဝယ် အမှတ် ၈ လမ်းပိုင်းကတော့ သွားလာဖို့ အခက်အခဲရှိပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း ပျက်တောက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ တနင်္သာရီမြို့နယ်တွင်လည်း မြိတ်မြို့ဘက်မှ လာသော အင်အား ၆၀၀ ခန့်ပါ စစ်ကြောင်းသည် ကျေးရွာများအတွင်း ဖြန့်ကျက်ထားသောကြောင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကာ ယနေ့ ညနေပိုင်းတွင်လည်း စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

“တနင်္သာရီဘက်ကတော့ မြိတ်မြို့ဘက်ကနေလာတဲ့ စစ်ကြောင်းတွေက ၆၀၀ ခန့်တယ်။ ရွာတွေထဲမှာ ဖြန့်ကျက် တပ်စွဲထားတုန်း တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲက ဆက်တိုက်ကို ဖြစ်နေတာ ဖုန်းလိုင်းတွေက ပြတ်တောက်နေတော့ အတိကျမသိရသေးဘူး။ တိုက်ပွဲတွေ ဖြစ်နေတာတော့ နေ့တိုင်းကို ဖြစ်နေတယ်။ ဒီနေ့လည်း တနင်္သာရီမြို့နယ်အတွင်းမှာ လေယာဉ်နဲ့ ဗုံးကျဲသွားတယ်။ ဘယ်ဘက်တွေကို ကျဲတာလည်းတော့ မသိရသေးဘူး” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီးရှိ မျှော်တော်တောင်၊ ရွာသာယာရွာနှင့် ကွင်းစမ်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးကျော် သေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ညိုမြို့သစ်ရှိ နေအိမ်များ၊ ဈေးတန်းများ အပါအဝင် ရွာသာယာရွာနှင့် ကွင်းစမ်းရွာတို့ရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာက ၂ ရက်ဆက်တိုက်လောက်ကို ဖြစ်တာ အဲပွဲမှာ စစ်ခွေး ၂၀ ကျော်သေဆုံးပြီး ကျနော်တို့ဘက်က PDF ရဲဘော် ၁ ဦး ကျဆုံးတယ်” ဟု နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article