ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေရသော စစ်မှုထမ်းတပ်သားများ အပါအဝင် စစ်သား ၉ ဦး KNU ထံတွင် အလင်းဝင်လာကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အဆိုပါ စစ်သား ၉ ဦးမှာ KNU ၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း အလင်းဝင်လာခြင်းဖြစ်ပြီး၊ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းရသူများဖြစ်ကြောင်း၊ ခလရ ၄၃၉ တပ်ရင်းမှ စစ်သား ၅ ဦး၊ ခလရ ၅၉၈ မှ စစ်သား ၁ ဦး၊ ခလရ ၆၀ မှ စစ်သား ၁ ဦး၊ ခလရ ၃၅၁ မှ စစ်သား ၁ ဦးနှင့် ခမရ ၅၃ တပ်ရင်းမှ စစ်သား ၁ ဦး စုစုပေါင်း ၉ ဦးဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်လာသူများမှာ ခလရ ၄၃၉ တပ်ရင်းမှ အသက် ၂၃ နှစ်အရွယ် စစ်သား ကျော်ဇေယျ ၊ အသက် ၄၁ နှစ်အရွယ် စစ်သား သက်ပိုင်စိုး ၊ အသက် ၂၉ နှစ်အရွယ် စစ်သား စောကာဘီ ၊ အသက် ၂၃ နှစအရွယ် စစ်သား မင်းထက် ၊ အသက် ၃၅ နှစ်အရွယ် စစ်သား အောင်စိုးဝင်း၊ ခလရ ၅၉၈ တပ်ရင်းမှ အသက် ၂၉ နှစ်အရွယ် ကိုမျိုး ၊ ခလရ-၆၀ တပ်ရင်းမှ အသက် ၃၀ နှစ်အရွယ် စစ်သား ဝင်းမြထူး ၊ ခလရ-၃၅၁ တပ်ရင်းမှ အသက် ၂၃ နှစ်အရွယ် စစ်သားအာကာကျော်ဝင်း နှင့် ခမရ ၅၃ တပ် ရင်းမှ အသက် ၄၀ နှစ်အရွယ် စစ်သား အောင်မင်းစိုးတို့ဖြစ်ပြီး စုစုပေါင်း စစ်သား ၉ ဦးမှာ KNU တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ထံသို့ လက်နက်ချ အလင်း၀င်လာခဲ့ကြကြောင်း သိရှိရသည်။
လက်နက်ချအလင်း၀င်လာသည့်တပ်သားများမှာ ၎င်းတို့၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေ ခိုင်းခံ ရသူများ ဖြစ်ကြပြီး KNU က ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း၊ အာ ဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွင်းရှိ အတင်း အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်း၀င်ရောက်လာ ကြပါရန် KNU က တိုက်တွန်း နှိုးဆော်ထား သည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၁ ဦး ရှိခဲ့ကြောင်း ၊၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဖေဖော် ဝါရီလ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၇၈ ဦးထိရှိခဲ့ကြောင်း သိရှိရသည်။






