ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် ငွေလိမ်စခန်းများတွင် လူကုန်ကူးခံရပြီး လွတ် မြောက်လာသည့် အီသီယိုးပီးယားနိုင်ငံသားများက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တွင် ရောက်ရှိလာစဉ် ၎င်းတို့ကို ကျားဖြန့်ဝင်းများတွင် ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသည့် ဒဏ်ရာများကို ထုတ်ဖော်ပြသကြသည်။
အသက် ၂၇ နှစ်အရွယ် အီသီယိုးပီးယားနိုင်ငံသူ မက်ဆရက် မူလူက မြန်မာ နိုင်ငံရှိ ကျားဖြန့်ငွေလိမ်စခန်းတစ်ခုတွင် ၁ နှစ်ကြာ ဖမ်းဆီးခံရစဉ်အတွင်း ကိုယ်နှင့်စိတ် ဒဏ်ရာများကို ယနေ့ထိ ခံစားနေရဆဲဖြစ်ကြောင်း ပြောသည်။ ၎င်း၏ ပြောကြားချက်အရ မကြာခဏ ရိုက်နှက်ခံရခြင်း၊ အဝတ်အစားချွတ်ခိုင်း၍ နေပူအောက်တွင် နာရီများစွာ ရပ်ခိုင်းခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။
မက်ဆရက်ကဲ့သို့သော အာဖရိကနှင့် အာရှနိုင်ငံများမှ လူငယ် ထောင်ပေါင်းများစွာသည် အရှေ့တောင်အာရှဒေသရှိ “ကျားဖြန့် လိမ်လည်စခန်းများ” သို့ လူကုန်ကူးခံထားရကြသည်။ ထိုစခန်းများသည် လုံခြုံရေးထိန်းချုပ်ထားသည့် အဆောက်အဦးများဖြစ်ပြီး လူကုန်ကူးမှုကွန်ယက်များမှ လိမ်လည် ခေါ်ယူထားသော ရွှေ့ပြောင်းလာသူများကို ဖမ်းဆီးထိန်းသိမ်းကာ အတင်းအကျပ် အလုပ်ခိုင်းစေနေသည်။ ကျားဖြန့် စခန်းအတွင်းတွင် လူကုန်ကူးခံထားရသူများကို လူမှုကွန်ရက်ပလက်ဖောင်းများပေါ်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ အထူးသဖြင့် cryptocurrency နှင့် အချစ်ရေးလိမ်လည်မှုများ ပြုလုပ်ခိုင်းကြသည်။
အလုပ်သမားများကို ထိန်းချုပ်ထားနိုင်ရန် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် လျှပ်စစ်ဖြင့် ညှဉ်းပန်းခြင်းများကို ပုံမှန်အသုံးပြုကြသည်။
“သွေးထွက်သံယိုဖြစ်နေတဲ့ လူတွေ ငိုပြီး ရိုက်နှက်မှုရပ်ပေးဖို့ တောင်းပန်နေတာကို မြင်ရတာ အရမ်းနာကျင်စရာပါ။ အဲဒီမြင်ကွင်းတွေကို အိပ်မက်ထဲမှာတောင် ပြန်မြင်နေတယ်” ဟု မက်ဆရက်က ပြောသည်။
ထိုင်းနိုင်ငံတွင် လစာမြင့်မားသော အလုပ်ရမည်ဆိုသော မက်လုံးများဖြင့် လူများကို ဆွဲဆောင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံများသို့ ပို့ဆောင်၍ ကွန်ပျူတာများ တန်းစီချထားသည့် ကျားဖြန့် အလုပ်ရုံများတွင် အလုပ်လုပ်ခိုင်းကြသည်။ ထိုစခန်းများကို တရုတ်ရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ထားကြသည်။
လက်ရှိတွင် ထိုလိမ်လည်မှုကွန်ယက်များသည် ဘီလီယံများစွာတန်ဖိုးရှိသော စီးပွားရေးလုပ်ငန်းဖြစ်လာပြီး မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများတွင် စခန်းရာနှင့်ချီရှိနေသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံရှိ လိမ်လည်မှုစခန်းများသို့ လူ ၁၂၀,၀၀၀ ခန့် လူကုန်ကူးခံခဲ့ရသည်။ အမေရိကန်အစိုးရ၏ အချက်အလက်များအရ အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှ လိမ်လည်မှုကွန်ယက်များကြောင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြသည်။
ယင်းကျားဖြန့် စခန်းများကြောင့် အာဖရိကနိုင်ငံများစွာမှ လူများလည်း ထိခိုက်ခံစားနေရသည်။ တောင်အာဖရိကအစိုးရက မကြာသေးမီက လိမ်လည်မှုစခန်းများမှ လွတ်မြောက်လာသူ တောင်အာဖရိကနိုင်ငံသား ၁၄ ဦး ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံနေရကြောင်း အတည်ပြုခဲ့သည်။ ထိုထဲမှ တစ်ဦးက တစ်နေ့လျှင် ၁၃ နာရီအလုပ်လုပ်ခိုင်းခံရပြီး မရပ်ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။
မက်ဆရက်၏ အဆိုအရ ၎င်းတို့ကို ထိန်းချုပ်ထားသည့် ဂိုဏ်းသည် မြန်မာစစ်တပ်နှင့် မိတ်ဖက်ဖြစ်သော DKBA (Democratic Karen Benevolent Army) တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေခဲ့သည်။ DKBA သည် ကျားဖြန့် လိမ်လည်မှုစခန်းများကို ဆက်ကြေးယူ ကာကွယ်စောင့်ရှောက် ကူညီပံ့ပိုးနေသည့် လက်နက်ကိုင် အဖွဲ့ တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းစစ်စတင်ပြီးနောက် မြန်မာနိုင်ငံ၏ အရှုပ်အထွေးအခြေအနေကို အကျိုးပြုကာ ထိုကျားဖြန့် စခန်းများကို ထိုင်းနယ်စပ်အနီးတွင် တည်ဆောက်ကြပြီး လုံခြုံရေးအတွက် စစ်တပ်နှင့် မိတ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြုကြသည်။
အီသီယိုးပီးယားနိုင်ငံတွင် ကျားဖြန့်စခန်းမှ လွတ်မြောက်လာသူများက “M Family” ဟုခေါ်သော အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းထားပြီး ဒဏ်ရာများနှင့် စိတ်ဒဏ်ရာများကို ကုသရာတွင် အကူအညီပေးခြင်း၊ တရုတ်ရာဇဝတ်ဂိုဏ်းများကို တရားစွဲဆိုရန် အကြံဉာဏ်ပေးခြင်းများ ပြုလုပ်နေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမေရိကန်အစိုးရက DKBA နှင့် ကျားဖြန့် စခန်းများအတွက် အသွင်ယူ အသုံးပြုသည့် ကုမ္ပဏီအဖြစ် သုံးစွဲခဲ့သော ထိုင်းနိုင်ငံမှ တရုတ်ကုမ္ပဏီများကို အရေးယူဒဏ်ခတ်ခဲ့သည်။ DKBA ကမူ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစခန်းများမှ အမြတ်ရယူခြင်း သို့မဟုတ် ပံ့ပိုးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
သို့ရာတွင် ဂြိုဟ်တုဓာတ်ပုံများအရ ကရင်ပြည်နယ် မြဝတီမြို့နယ်အနီးရှိ DKBA ထိန်းချုပ်ဒေသအတွင်း Deko Park စခန်းကို တွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။
လွတ်မြောက်လာသူများထဲမှ အချို့သည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထိန်းသိမ်းခံနေရပြီး မိမိတို့နိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ကုန်ကျစရိတ် စုဆောင်းနေရကြောင်း သိရသည်။
အာဖရိကနိုင်ငံများမှ လွတ်မြောက်လာသူရာနှင့်ချီသည် ထိုင်းနိုင်ငံတွင် ပိတ်မိနေကြပြီး ၎င်းတို့၏ မိခင်နိုင်ငံများမှ ပြန်လည်ပို့ဆောင်ရေးကုန်ကျစရိတ် မထောက်ပံ့နိုင်ခြင်းနှင့် မိသားစုများ မတတ်နိုင်ခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေကြသည်။
Ethiopian Airlines သည် ဘန်ကောက်မှ အာဖရိကနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရာတွင် တစ်နေ့လျှင် လူသုံးဦးသာ လက်ခံမည်ဟု ကန့်သတ်ထားကြောင်းလည်း ဖော်ပြထားသည်။
မြန်မာစစ်တပ်ကမူ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများအပေါ် လုံး၀ သည်းမခံသော မူဝါဒရှိသည်ဟုထုတ်ပြန်ထားသော် လည်း ဆက်သွယ်မေးမြန်းသောအခါ တုံ့ပြန်ချက် မရရှိပေ။
( The Globe and Mail ၏ Africans are being confined and beaten in scam camps in Myanmar ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)






