ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူပိုင်မြေယာများကို သိမ်းယူပြီး အကွက်ရိုက်ရောင်း စားနေသူ ပျူစောထီးခေါင်းဆောင် စံရှား ဖမ်းဆီး စစ်ဆေးခံနေရကြောင်း ပြည်ကြီးတံခွန်အခြေစိုက် ပြည်သူ့စစ်အသိုင်းအ၀ိုင်းနှင့် မြေကွက်ဝယ်ရောင်း အကျိုးဆောင်တချို့ထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း ပြည်ကြီးတံခွန်တွင် ပြည်သူများနေထိုင်သော နေအိမ်များနှင့် ရပ်ကွက်များကို ဖျက်ဆီးပြီး အကွက်ရိုက်ရောင်းစားမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ ရှိလာခဲ့ပြီးနောက် စစ်တပ်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပျူစောထီးခေါင်းဆောင်စံရှား အပါအဝင် ပျူစောထီးများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်ပတ်သက်သဖြင့် စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘယ်က ဘယ်လိုဖြစ်ပြီး ပြန်ဖမ်းတာလဲတော့မသိရဘူး။ ဒါပေမယ့် ကြည့်ရတာ စစ်ဗိုလ်တွေနဲ့ မြေကွက်တွေ အကွက်ရိုက်ရောင်းစားရင်းက ဝေစုမတည့်ရာက ဖြစ်တယ်ထင်တယ်။ အခုတော့ ပျူခေါင်း ဆောင် စံရှားကို ခေါ်မေးနေတယ်။ ခေါ်မေးနေတာဆိုတော့ ပြန်လွတ်လာရင် လွတ်လာနိုင်တဲ့သဘောတော့ရှိတယ်။ မန္တလေးမှာ မြေကွက်တွေကို အကွက်ရိုက်၊ ဂရန်အတုတွေ ထုတ်ပြီး ရောင်းတာကလည်း သူဌေးဖြစ်လွယ်ပြီး စီးပွားလည်းဖြစ်တော့ စစ်ဗိုလ်တွေရော ပျူတွေရော အဲဒါကို လုပ်နေကြတာ။ ဖျက်တာကလည်း ပြည်သူတွေနေတဲ့ ဂရန်မရှိတဲ့နေရာတွေကို ပိုင်ရှင်ပေါ်တယ်ဆိုပြီး လူမိုက်လို ဖျက်ဆီးပြီး သိမ်းယူတာ။ အဲဒါမျိုးတွေဖြစ်နေတာ” ဟု မန္တလေးမှ မြေကွက် ဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောဆိုသည်။
၂၀၂၅ ခုနှစ် အောက် တိုဘာလ ၃၀ ရက်နေ့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ကို လည်း စစ်တပ်နှင့်စည်ပင်က အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ပြီး လူနေအိမ် ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ယင်းသို့ နေအိမ်များကို ဖျက်ဆီးရာတွင် ပါဝင်ခဲ့ကြသော ငွေတော်ကြည်ကုန်း ရပ်ကွက်အုပ် ချုပ်ရေးမှူးက ငွေကျပ် သိန်း ၁၀၀၀ ကျပ်၊ အကွက်အမှတ် ၅၁၆ အုပ်ချုပ်ရေးမှူး စံမတူ သိန်း ၅၀၀ ကျပ်ရရှိထားပြီး ပြည်ကြီးတံ ခွန်မြို့နယ်၊ စစ်တပ်လက်အောက်ခံ လူဆိုးခေါင်းဆောင် စံရှား၊ စံရှားလက်အောက်ခံ နှုတ်ခမ်းမွှေး၊ သန့်ဇင် ၊ အောင်ကိုဇော်၊ ငမျိုးတို့လည်း ငွေကျပ် သိန်းရာချီစီ ရှယ်ယာရရှိခဲ့ကြကြောင်း သိရှိရသည်။
“စံရှားကို မဖမ်းလို့လည်း မရတော့ဘူးလေ။ စံရှားလုပ်တာနဲ့ ပြည်ကြီးတံခွန်ကမြေတွေကုန်တော့မှာ။ အဲဒီတော့ စခတပ်လည်း ပြည်သူကပိုမုန်းလာတယ်ဆိုတော့ ဖမ်းတော့တာ။ ပြည်ကြီးတံခွန်တင်မဟုတ်ဘူး မန္တလေးမှာရှိတဲ့ မြေတွေလည်း သူတို့အဖွဲ့လုပ်တာနဲ့ကုန်တော့မှာ။ သူတို့က သိမ်းပြီး ခွေးဗိုလ်တွေနဲ့ပေါင်း ဂရံထုတ် တရုတ်ရောင်းစားတာ” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော ပျူစောထီးခေါင်းဆောင် စံရှားမှာ မြေကွက်များ သိမ်းယူ အကွက်ရိုက် ရောင်းခြင်းအပြင် စစ်မှုထမ်းအကြောင်းပြ၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်ခြင်း၊ လောင်းက စားနှင့်မူးယစ်ဆေးဝါး ရောင်းသူများကို ဆက်ကြေးကောက်ခြင်း စသည့် ရာဇဝတ်မှုပေါင်းစုံတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊ စံရှားမှာ စစ်တပ်လော်ဘီ မဘသနှင့်အမျိုးသားရေး အစွန်းရောက် ပေါက်ဘုန်းကြီး လက်ရင်းတပည့်ဖြစ်ကြောင်း သိရှိရသည်။






