ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး မော်လမြိုင်မြို့ပေါ်ရှိ မောင်ငံရပ်ကွက်၊ ဈေးကြိုရပ်ကွက် ၊ ဆန်တန်းရပ်ကွက် ၊ တောင်ဝိုင်းရပ်ကွက်နှင့် သီရိမြိုင် ရပ်ကွက်တို့တွင် အကြမ်းဖက် စစ်တပ်က ညအချိန် ဧည့်စာရင်းစစ်ဆေးမည့် ပုံစံဖြင့် လာရောက်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီး လူငယ် ၃၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က မော်လမြိုင်မြို့ပေါ်တွင် အလှည့်ကျ စစ်မှုထမ်းအကြောင်းကြားစာများဖြင့် နေအိမ်များကို သွားရောက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းများလည်း လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် ငွေကြေးချမ်းသာသော မိသားစုဝင်များကို ငွေကျပ် သိန်းရာချီဖြင့် ရွေးထုတ်ခိုင်းပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ထဲ ပို့ဆောင်ကြောင်း သိရှိရသည်။
“မော်လမြိုင်မြို့ပေါ်မှာ အခုရက်ပိုင်း အခြေအနေ တော်တော်ဆိုးနေတယ်။ ရပ်ကွက်တွေထဲထိပါ အခုက ဝင်ဆွဲနေတာ ညဘက်တွေဆို ဧည့်စာရင်း လာစစ်သလိုနဲ့ အပြင်ထွက်လာတဲ့သူတွေ အလုပ်ပြန်လာတဲ့ သူတွေကို စောင့်ပြီးဆွဲတယ်။ နောက်ပြီး စစ်မှုထမ်း အကြောင်းကြားစားပြီးလည်း နေအိမ်ထဲထိ ဝင်ဆွဲတာတွေရှိတယ်။ ပိုက်ဆံပေးနိုင်သူတွေကတော့ ပြန်လွတ်တယ်။ ပေးရရင်လည်း သိန်းရာနဲ့ချီပြီးပေးရတာ ပိုက်ဆံမရှိတဲ့ သူတွေကျတော့ စစ်ထဲဝင်ပေါ့။ အခြေအနေတော်တော်ဆိုးလာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အစီးကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်နိုင်စိုးကလည်း စစ်မှုထမ်း လစဉ်ကြေးပေးသည့် လူငယ်များကိုပါ ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၆၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖျားပုံမြို့နယ်၊ အစီးကလေးကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတင်နိုင်စိုးသည် စစ်မှုထမ်းလစဉ်ကြေးများ ကောက်ခံနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်ပြီး အသက်မပြည့်သူများနှင့် လူငယ်များမရှိသည့် နေအိမ်များပါ လစဉ် ငွေကျပ် ၈ သောင်းပေးဆောင်နေရကြောင်း၊ လစဉ်ကြေး မပေးသူများကိုလည်း စစ်တပ်ခေါ်၍ ခြိမ်းခြောက်မှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအုပ်စု အတွင်း စစ်မှုထမ်း လစဉ်ကြေးပေးနေသော ကိုဖြိုးဝေနှင့် လူငယ် ၁ ဦးကိုလည်း အုပ်ချုပ်ရေးမှူး တင်နိုင်စိုးက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၁၆၀ ဖြင့်ပြန်ရွေးခိုင်းကြောင်း၊ ကိုဖြိုးဝေသည့် ငွေကြေးပေးနိုင်ခြင်းမရှိသောကြောင့် စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။
“တင်နိုင်စိုးက စစ်မှုထမ်းကြေးကို လစဥ်အတင်းကောက်ခံပါတယ်။ အသက်ပြည့်စာရင်းဝင်တွေရော အသက်မပြည့်တဲ့ အိမ်တွေကော အကုန်လုံးကိုကောက်တယ်။ ပြည်သူတွေလည်း သူတို့တတ်နိုင်တာလေး အရင်ပေးထားရင်တောင် တစ်ရက်၊ နှစ်ရက်လောက်မှ ထက်မပေးရင် ဖုန်းဆက်တောင်းပါတယ်။ မပေးနိုင်သေးရင် စျေးကို အကြွေးဝယ်ခိုင်းပါတယ်။ ရန်ကုန်သွားတဲ့ လူငယ်တွေဆိုလည်း ထောက်ခံစာသွားလုပ်ရင် သူအိမ်ကအလုပ်ကို အရင်ခိုင်းပါတယ်။ တခါတလေ လစဥ်ကြေးမပေးကြရင် စစ်တပ်ကိုခေါ်ပြီး ရွာတွေကို ခြိမ်းခြောက်ပါတယ်။နောက်ပြီး ကျေးရွာအုပ်စုထဲက ကိုဖြိုးဝေ ဆိုသူနဲ့ လူငယ် ၁ ဦးကိုလည်း အတင်း အဓမ္မ ပေါ်တာဆွဲပြီး ပိုက်ဆံ သိန်း ၁၆၀ တောင်းတာ ကိုဖြိုးဝေးက မပေးနိုင်လို့ စစ်တပ်ထဲ ပို့ခံလိုက်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေညှစ်မှုများ၊ စစ်မှုထမ်း လူစားထိုး အရောင်းအဝယ်လုပ်ခြင်းများ ကြီးမားစွာ ဖြစ်ပွားနေသော်လည်း စစ်တပ်က တစ်စုံတစ်ရာ ဟန့်တား အရေးယူခြင်းမရှိသည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် တပ်သားသစ်နှင့် လူသစ်စုဆောင်းရေးကို အတင်းအကျပ် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




